【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မကာအိုရဲ့သမိုင်းဝင်စင်တာ

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မကာအိုရဲ့သမိုင်းဝင်စင်တာ

အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင်ထည့်သွင်းခံရတဲ့ အဆောက်အဦနေရာပေါင်းများစွာရှိပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံရဲ့ ၃၁ ခုမြောက် ကမ္ဘာ့အမွေအနှစ်ဖြစ်လာခဲ့တာကတော့ မကာအိုရဲ့သမိုင်းဝင်စင်တာပဲ ဖြစ်ပါတယ်။

မကာအို သမိုင်းဝင်စင်တာဟာ ၂၀ဝ၅ ခုနှစ်၊ဇူလိုင်လ ၁၅ ရက်နေ့မှာကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ယူနက်စကိုကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံ၂၁ နိုင်ငံရဲ့ထောက်ခံမဲကိုရရှိခဲ့ပြီး တရုတ်နိုင်ငံ “မကာအို သမိုင်းဝင်စင်တာ” ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင်ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါ တယ်။

မကာအိုဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးအုပ်ချုပ်ရေးဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း၊ ကျူးကျန်းမြစ်ဝ အနောက်ဘက်ခြမ်းမှာတည်ရှိပြီး ကွမ်တုန်းပြည်နယ်နဲ့ဘေးကပ်လျက်မှာ ရှိနေပါတယ်။ ဟောင်ကောင်နဲ့လည်း  ကီလိုမီတာ ၆၀ သာကွာဝေးပြီး ကွမ်ကျိုးမြို့နဲ့ကတော့ ၁၄၅ ကီလိုမီတာပဲ ဝေးပါတယ်။

ဒီကနေ့မှာတော့ မကာအိုဟာ နိုင်ငံတကာပင်လယ်ဆိပ်ကမ်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနဲ့အပန်းဖြေစင်တာ၊ ကမ္ဘာ့အကြီးဆုံး ကာစီနိုမြို့တော် ၄ ခုအနက်တစ်ခုဖြစ်နေခဲ့သလို ကမ္ဘာပေါ်မှာလူဦးရေသိပ်သည်းမှုအများဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မကာအိုရဲ့သမိုင်းဝင်စင်တာဟာလည်း မကာအိုမြို့ဟောင်းရဲ့ အလယ်မှာ တည်ရှိပြီး ဒီသမိုင်းဝင်စင်တာဟာ ရှေးယခင်က ပေါ်တူဂီလူမျိုးအများဆုံးပါဝင်တဲ့ နိုင်ငံခြားသားတွေနေထိုင်ခဲ့ရာ မြို့ဟောင်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီစင်တာရဲ့အနီးအနားမှာရှိတဲ့ ရင်ပြင်နဲ့လူသွားလမ်း၊ ယာဉ်သွားလမ်းတွေနဲ့သွယ်ဆက်ထားပြီး သမိုင်းဝင်အဆောက်အအုံ ၂၀ ကျော်စီတန်းထားသလို ကြီးမားတဲ့ ဗိသုကာအဆောက်အဦတွေ၊ ဗိသုကာလက်ရာပုံစံတူတွေဟာ ပင်လယ်ဆိပ်ကမ်းမြို့တော်နဲ့ ပေါ်တူဂီလူမျိုးတွေစုစည်းနေထိုင်ခဲ့တဲ့ ဝိသေသလက္ခဏာတွေကိုလည်း ဖော်ပြနေပါတယ်။

သမိုင်းဝင်စင်တာ၏ ဗိသုကာလက်ရာတွေဟာ တရုတ်နှင့် အနောက်တိုင်းစတိုင်များ လိုက်ဖက်ညီစွာ ရောစပ်ထားတာဖြစ်ပါတယ်။ဒါတွေကတော့ တရုတ်နိုင်ငံနယ်နိမိတ်အတွင်းက လက်ရှိမှာသမိုင်းသက်တမ်း ရှေးအကျဆုံး၊ အကြီးမားဆုံးနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအကောင်းဆုံးဖြစ်သလို တရုတ်နိုင်ငံနဲ့အနောက်တိုင်း ထူးခြားချက်များစုစည်းထားမှုအရှိဆုံး အဆောက်အဦတွေပဲ ဖြစ်ပါတယ်။

မကာအိုဟာ ရှေးယခင်ကတည်းက တရုတ်နိုင်ငံပိုင်နက်ဖြစ်ခဲ့ပြီး ၁၆ ရာစုနှစ်အလယ်နောက်ပိုင်းမှာ ပေါ် တူဂီနိုင်ငံက သိမ်းပိုက်အုပ်ချုပ်ခဲ့ရာကနေ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဟာ မကာအိုအုပ်ချုပ်ခွင့်ကိုပြန်လည်ရရှိခဲ့ပြီး “တစ်နိုင်ငံစနစ်နှစ်မျိုး” နဲ့ မကာအိုဒေသမှာ အခြေခံ အုတ်မြစ် တည်ဆောက်ကာ တိုးတက်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် နှစ်ပေါင်း ၄၀ဝ ကျော်အတွင်း တရုတ်နိုင်ငံနဲ့အနောက်တိုင်း ယဉ်ကျေးမှုဖလှယ်ခဲ့ခြင်းကြောင့် ယဉ်ကျေးမှုပေါင်းစုံအတူယှဉ်တွဲတည်ရှိနေတဲ့ အကျိုးရလဒ်ပဲဖြစ်ပါတယ်။မကာအိုဟာ ၁၉ ရာစုနှစ်မတိုင်မီ တရုတ်နိုင်ငံရဲ့အဓိကကျတဲ့ ပြည်ပကုန်သွယ်ရေးဆိပ်ကမ်းဖြစ်သလို စီးပွားရေးတိုးတက်မှုဟာ ကမ္ဘာအရပ်ရပ် ကလူတွေကိုလာရောက်စေဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး ဥရောပ၊ အာရှ၊ အာဖရိကနဲ့အမေရိကတိုက်ကြီး ၄ တိုက်က လူတွေစုပေါင်းထားတဲ့ တရုတ်လူမျိုးနဲ့အနောက်တိုင်းလူမျိုးတို့ စုပေါင်းနေထိုင်ရာ နိုင်ငံတကာမြို့ပြကြီးတစ်ခု ပေါ် ပေါက်လာခဲ့ပါတယ်။

ဒေသအသီးသီးကနေ လာရောက်တဲ့လူတွေဟာ မတူညီတဲ့ယဉ်ကျေးမှုအတွေးအခေါ်တွေ၊မတူညီတဲ့ အလုပ်အကိုင်အတတ်ပညာတွေ၊ မတူညီတဲ့ရိုးရာဓလေ့တွေကို ယူဆောင်လာခဲ့ကြပါတယ်။ မကာအိုရဲ့သမိုင်းဝင်စင်တာမှာ လူနေအိမ်နဲ့ ဘုရားကျောင်းတွေတည်ဆောက်တာတွေနဲ့ အရောင်အသွေးစုံလင်တဲ့ လူနေမှုဘဝတွေကို စတင်လာခဲ့တယ်။

ဒါကြောင့် မကာအိုဟာ တရုတ်နိုင်ငံနယ်နိမိတ်အတွင်းမှာ ခေတ်နှောင်းကာလရဲ့ အနောက်တိုင်းဗိသုကာနဲ့ယဉ်ကျေးမှုကို အစောဆုံးနဲ့အများဆုံး ထိတွေ့ခဲ့တဲ့ အရေးပါဆုံးနေရာပဲ ဖြစ်ပါတယ်။ 

ခန့်မောင်