【 နိုင်ငံတကာဆောင်းပါး 】စိတ်ဝင်စားဖွယ် ရှီးဇန့်(တိဘက်)ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်

【 နိုင်ငံတကာဆောင်းပါး 】စိတ်ဝင်စားဖွယ် ရှီးဇန့်(တိဘက်)ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်

မကြာမီက တိဘက်ဒေသနှင့် ပတ်သက်ပြီး ဖိုရမ်တစ်ခုကို တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပခဲ့သည်။ တိဘက်ဒေသမှ တရုတ်နိုင်ငံတွင်းသာမက ကမ္ဘာအတွက်ပါ ထူးခြားသော ဒေသဖြစ်ပြီး ကမ္ဘ့ာခေါင်မိုးဟုတင်စားရလောက်အောင်ပင် ကမ္ဘာ့အမြင့်ဆုံးကုန်းမြင့်နှင့် တောင်တန်းဒေသတွင်တည်ရှိသည်။ ဖော်ပြချက်များအရဆိုလျှင် တိဘက်ကုန်း ပြင်မြင့်မှာ ကီလိုမီတာ ၂,၅၀၀,၀၀၀ (၉၇၀,၀၀၀ စတုရန်းမိုင်) ခန့် ကျယ်ဝန်းပြီး တိဘက်လူမျိုးများ အပြင် အခြားလူမျိုးစုများဖြစ်သည့် Monpa၊ Tamang၊ Qiang၊ Sherpa နှင့် Lhoba လူမျိုးများနှင့် ၂၀ ရာစုမှစတင်၍ ဟန်တရုတ် နှင့် Hui လူမျိုး စုများ အခြေချနေထိုင်ခဲ့ကြသည်။ ယနေ့တွင် တိဘက်ကုန်းမြင့်၏ အနောက်နှင့် အလယ်ပိုင်းကို တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အုပ်ချုပ်နေပြီး အရှေ့ပိုင်းဒေသများမှာ ယခုအခါ Sichuan၊ Qinghai နှင့် အခြားသော အိမ်နီးချင်းပြည်နယ်များအတွင်း အများအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအဖြစ်ရှိနေသည်။
တိဘက်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဒေသဖြစ်ပြီး ပျမ်းမျှအမြင့် ၄,၃၈၀ မီတာ (၁၄,၀၀၀ပေ) ရှိသည်။ ဟိမဝန္တာတောင်တန်းများတွင် တည်ရှိပြီး တိဘက်၏ အမြင့်ဆုံးတောင်သည် ဧဝရတ်တောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၈,၈၄၈.၈၆ မီတာ (၂၉,၀၃၂ ပေ) မြင့်သည်။ မကြာသေးမီနှစ်များအတွင်း ခရီးသွားလုပ်ငန်း တိုးတက် မှုနှင့်အတူ၊ ဝန်ဆောင်မှုကဏ္ဍသည် တိဘက်တွင် အကြီးဆုံးကဏ္ဍဖြစ်လာပြီး ၂၀၂၀ ခုနှစ်တွင် ဒေသတွင်း GDP ၏ ၅၀.၁ရာခိုင်နှုန်းထိ ရှိလာသည်။ တိဘက်တွင် အဓိက ကိုးကွယ်သော ဘာသာမှာ တိဘက်ဗုဒ္ဓဘာသာဖြစ်ပြီး အခြားဘာသာများလည်းရှိသည်။ တိဘက်ဗုဒ္ဓဘာသာသည် ဒေသ၏ အနုပညာ၊ ဂီတနှင့် ပွဲတော်များအပေါ် အဓိက လွှမ်း မိုးမှုဖြစ်သည်။ တိဘက်ဗိသုကာပညာသည် တရုတ်နှင့် အိန္ဒိယတို့၏ လွှမ်းမိုးမှုကို ထင်ဟပ်စေသည်။တိဘက်ရှိ အဓိက အစားအစာများမှာ မုယောစပါးကင်၊ ယဲ့အသား(တောင်ပေါ် အမွှေးရှည်နွား)နှင့် ထောပတ်လက်ဖက်ရည်တို့ ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံစတင်တည်ထောင်သည့် အစောပိုင်းနှစ်များတွင် တိဘက်ဒေသသည် တရုတ်အနောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များနည်းတူ ဝင်ငွေနိမ့်ကျပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည်။ ယခုအခါ တိဘက်ဒေသသည် တရုတ်နိုင်ငံ၏အခြားပြည်နယ်များနည်းတူတိုးတက်ဖွံ့ဖြိုးနေပြီဖြစ်သည်။ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုတွင် ထူးထူးခြားခြားအောင်မြင်မှုများရရှိခဲ့ပြီး ၎င်း၏အားသာချက်များအပေါ်အခြေခံ၍ ၎င်း၏တိုးတက်မှုပုံစံကို ပိုမိုတိုးတက်စေမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မေလ ၂၃ ရက်က ကျင်းပသည့် ရှီးဇန့်(တိဘက်) ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဖွင့်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီအတွင်းရေးမှူးက  ခေတ်သစ်ဆိုရှယ်လစ်သစ်တိဘက်၏ နှစ်ပေါင်း ၇၀ ကျော် ဖွံ့ ဖြိုးတိုးတက်လာပြီးနောက် နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှု၊ စီးပွားရေး သာယာဝပြောမှု၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ဘာသာရေးသဟဇာတဖြစ်စေသည့် နယ်စပ်ကာကွယ်ရေးနှင့် ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်နေသူများ စုစည်းညီညွတ်မှုနှင့် ရောင့်ရဲမှုကို ကမ္ဘာသို့တင်ဆက်နေပြီ ဖြစ်ကြောင်းပြောခဲ့သည်။ 
တိဘက်သည် ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှု၊ အိမ်ရာ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးတို့တွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားစဉ်တွင် အရှိန်အဟုန်ဖြင့် စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းထားပြီး ကောင်းမွန်ပြည့်စုံသော ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို ဘက်စုံနည်းလမ်းဖြင့် တည်ဆောက်ရန် အမျိုးသားရေး ကြိုးပမ်းမှုအား ဆုပ်ကိုင်မိထားကြောင်းပြောခဲ့သည်။
ပေကျင်းတွင် ကျင်းပသည့် တစ်ရက်တာ အဆိုပါဖိုရမ်သို့ နိုင်ငံနှင့် ဒေသ ၃၆ ခုမှ တရုတ်နှင့် နိုင်ငံခြား ဧည့်သည် ၁၅၀ ကျော်သည် တိဘက်အရည်အ သွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့် အရေး အာမခံချက်ရှိရေး ခေါင်းစဉ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နက်ရှိုင်းစွာ ကူးလူးဖလှယ်ဆွေးနွေးခဲ့ကြပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းမှု၊ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှု၊ လူ့အခွင့်အရေး အာမခံချက်ရှိမှု စသည့်ကဏ္ဍများ၌ တိဘက်မှ ဖြစ်ထွန်းခဲ့သော တိုးတက်မှုအသစ်များကို အပြည့်အဝ အသိအမှတ်ပြုကြသည်။  တက်ရောက်လာသူများသည် "2023 Forum on the Development of Xizang" ဟု တရားဝင်ခေါ်ဆိုသည့် ယင်းဖိုရမ်တွင် တိဘက်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ကဏ္ဍသစ်ကို အာရုံစိုက်ခဲ့ကြသည်။ 
အဆိုပါဖိုရမ်အစည်းအဝေးသို့ တရုတ်သမ္မတရှီကျင့်ဖျင်လည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ ထိုသဝဏ်လွှာတွင် ရှီကျင့်ဖျင်က ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှုသည် အကြီးမားဆုံး လူ့အခွင့်အရေးဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှုကို အကောင်အထည် ဖော်ရန်အတွက် အဓိကကျကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ ကျင်းပချိန်မှစ၍ ဗဟိုအစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ အင်တိုက်အားတိုက် ထောက်ခံမှုအောက်တွင် တိဘက်ရှိ ကေဒါနှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အပတ်တကုတ် ကြိုးပမ်းမှုများနှင့် မလျှော့သောဇွဲဖြင့် အားထုတ်မှုများကြောင့် နှစ်ထောင်ချီကျရောက်နေခဲ့သော လုံးဝဆင်းရဲနွမ်းပါးမှုမှ တိဘက်ဒေသကို အပြီးတိုင် လွတ်မြောက်လာစေခဲ့ကြောင်း၊ တစ်နိုင်ငံလုံးနှင့်အတူ အသင့်အတင့်ကြွယ်ဝချမ်းသာသော လူ့ အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ခြင်းဖြင့် ရှင်သန်မှုအခွင့်အလမ်းများ ပြည့်နှက်နေသော စည်ပင်ဝပြောသည့်မြင်ကွင်းကို ပြသနေကြောင်း ပြောကြားခဲ့သည်။ 
ထို့ပြင် ရှီက တရုတ်ပုံစံခေတ်မီမှု ခရီးစဉ်သစ်ကို မြှင့်တင်ဆောင်ရွက်ရာတွင် တိဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအယူအဆသစ်များကို ပြည့်စုံစွာ၊ မှန်ကန်တိကျစွာ၊ ဘက်စုံစွာ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်၍ စည်းလုံးညီညွတ်၍ ကြွယ်ဝသော၊ ယဉ်ကျေးသော၊ သဟဇာတဖြစ်သော၊ လှပသော ဆိုရှယ်လစ်စနစ် ခေတ်မီ တိဘက်ဒေသသစ်ကို ကြိုးပမ်း တည် ဆောက်ရန် မျှော်လင့်ကြောင်း၊ ပြည်သူများကို ပိုမိုပျော်ရွှင်ချမ်းမြေ့၍ သာယာလှပသော ဘဝများ ပိုင်ဆိုင် နိုင်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံဆိုင်ရာနီပေါသံ အမတ်၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်၊ တရုတ်ဆိုင်ရာ မိုဇမ်ဘစ်သံအမတ်၊ Associated Press of Pakistan ပေကျင်းရုံးခွဲ ဥက္ကဋ္ဌဖြစ်သူ မိုဟာမတ်အက်ရှ်ကာ၊ Beijing International Studies Universityက ဗီးကတ်ရှ်ကူမာရ်ဆင့်တို့ကလည်း တိဘက်ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်  ပတ်သက်ပြီး ပြောခဲ့ကာ  မိုဟာမတ်အက်ရှ်ကာက ဝေးလံခေါင်းပါးသော နေရာများနှင့် တိုးတက်မှုအားနည်းသော ဒေသဖြစ်သော တိဘက်လိုဒေသအတွက် တရုတ်အစိုးရ၏ ငွေကြေးများစွာကို ရင်းနှီးမြှုပ်နှံထားမှုက တိဘက်ဒေသကို အလုပ် အကိုင်နှင့် စီးပွားရေး အခွင့်အလမ်း အသစ်ဖန်တီးရန် အထောက်အကူဖြစ်စေကြောင်း၊ ဒီလို စီမံချက်များက  တိဘက်ဒေသကို အလုပ်အ ကိုင်နှင့် စီးပွားရေးအခွင့်အလမ်းအသစ်ဖန်တီးရန် အထောက်အကူ ဖြစ်စေကြောင်း ၊ တစ်ချိန်တည်းမှာပဲ ဒေသအတွင်းက ဆင်းရဲမွဲတေမှုကိုလည်း လျှော့ကျစေကြောင်း ပြောခဲ့သည်။ 
ကမ္ဘာအမြင့်မားဆုံးသော ဒေသတွင် နေထိုင်ကြသည့် တိဘက်လူမျိုးများနှင့် အခြားသောဒေသခံများ၏ နေထိုင်မှုဘ၀မှာ ယခုနှစ်ပိုင်းတွင် များစွာတိုးတက်လာနေသည်ကို ဖိုရမ်တွင် ပြထားသည့် ဓာတ်ပုံများတွင် တွေ့ ရသည်။ ဒေသတစ်ခု၏ တိုးတက်ဖွံ့ဖြိုးမှုကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုက ယူဆောင်လေ့ရှိရာ လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် တိဘက်ဒေသ၏ လမ်းပန်း ဆက်သွယ်ရေးမှာ ယခင်ကထက်ပို၍ ကောင်းလာခဲ့သဖြင့် ဒေသဖွံ့ဖြိုးမှုမှာ ယခုဆယ်နှစ်ပိုင်းတွင် သိသာလာခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်၍ တိဘက် ၏သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပုံသေရင်းနှီး မြှုပ်နှံမှုအဖြစ် ယွမ်ငွေ ၃၃၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၀.၄ ဘီလီယံခန့်) ကို သုံးစွဲခဲ့သည်။
ဒေသ၏ပထမဆုံးလျှပ်စစ်မီးရထားလိုင်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ရာ ခရီးသွားဦးရေမှာ ၂၀၀၇ ခုနှစ်တွင် ၂.၂၄ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၄ သန်းကျော်အထိ သိသိသာသာ တိုးတက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တိဘက်ရှိ လမ်းစုစု ပေါင်းအရှည်သည် ကီလိုမီတာ ၉၀,၀၀၀ ကျော်အပါအဝင် ကျေးလက်လမ်းများအပါအဝင် ကီလိုမီတာ ၅၅,၀၀၀ မှ ၁၂၀,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်။ထိုအကျိုးဆက်များကြောင့် လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း တိဘက်ဒေသ၏ တစ်ဦးချင်း တစ်ခါသုံးဝင်ငွေသည် ၂၀၂၁ ခုနှစ်တွင် တစ်နှစ်လျှင် ယွမ်ငွေ ၂၅,၀၀၀ သို့ နှစ်ဆကျော် တိုးလာခဲ့သည်။ ကျေးလက်ဒေသခံများ၏ ဝင်ငွေသည် ၂၀၁၂ ခုနှစ်တွင် ၄,၈၇၅ ယွမ်မှ ၂၀၂၁ ခုနှစ်တွင် ၁၅,၂၇၈ ယွမ်အထိ မြင့်တက်လာပြီး လက်ဖက်စိုက်ခင်းများနှင့် ဝါးပန်းဆိုးပန်းလုပ်ငန်းအပါအဝင် အဓိကစက်မှုလုပ်ငန်းများ ထွန်းကားလာခဲ့သည်။ အလားတူကာလအတွင်း တိဘက်၏ ဒေသတွင်း GDP သည် ယွမ် ၇၁ ဘီလီယံမှ ယွမ် ၂၀၈ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။ ဒေသသည် ၂၀၁၉ နှစ်ကုန်တွင် လုံးဝဆင်းရဲမွဲတေမှု ပပျောက်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူ ၆၂၈၀၀၀ ဦးမှာ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ရာ တခြားသော နိုင်ငံများအတွက် အားကျဖွယ်ပင်ဖြစ်လေသည်။
 
လင်းသစ်အောင်