【 နိုင်ငံတကာဆောင်းပါး 】တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများနှင့် တရုတ်စီးပွားရေးအလားအလာ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများနှင့် တရုတ်စီးပွားရေးအလားအလာ

တရုတ်စီးပွားရေးသည် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ မူဝါဒများကြောင့် ၂၀၂၃ ခုနှစ်တွင် ပိုမိုကြီးထွားလာမည်ဟု နိုင်ငံတကာစီးပွားရေးပညာရှင်များက မျှော်လင့်ထားကြသည်။ ယခုနှစ်အစပိုင်းက စတင်ခဲ့သည့် COVID-19 ထိန်းချုပ်ရေးအစီအမံသစ်များကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာပြီးနောက် ခိုင်မာသော ပြန်လည်ထူထောင်ရေးကာလသို့ ရောက်ရှိနေပြီဟု ဆိုကြသည်။

ပြီးခဲ့သည့် နွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံတွင်းနှင့် ပြည်ပသို့ ခရီးသွားလာမှုအထူးများပြားခဲ့ရာ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးတွင် ကဏ္ဍအားလုံးနီးပါးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ထို့ကြောင့် အားလပ်ရက်ရာသီအပြီးတွင်လည်း တရုတ်နှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးရည်ရွယ်ချက်အတွက် ယခင်ကိုဗစ်မတိုင်ခင်ကလို ခရီးသွားလာရန် မျှော်လင့်ထားကြသည်။ တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ယခုနှစ်အစပိုင်းစတင်ခဲ့သည့်  COVID-19 ထိန်းချုပ်ရေး အစီအမံသစ်များက စီးပွားရေး လောကကို  အပြုသဘောဆောင်သော လည်ပတ်မှုများကို ဆောင်ကြဉ်းပေးခဲ့ရာ တရုတ်စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ပိုမိုရရှိလာဖို့ အလားအလာမြင့်တက်နေခဲ့သည်။

တင်းကျပ်သည့် COVID-19 ထိန်းချုပ်ရေး ယခင်အစီအမံများအပေါ် နိုင်ငံအချို့၏ ဝေဖန်မှုများရှိသော်လည်း သေဆုံးမှုနည်းပါးခြင်းနှင့်  ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများကိုကြည့်လျှင်  ကပ်ရောဂါကာလအတွင်း အစိုးရ၏မူဝါဒများ ဘယ်လောက်ထိ အလုပ်ဖြစ်ခဲ့သည်ကို မြင်တွေ့နိုင်မည် ဖြစ်သည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၁၂၁ ထရီလျံ (ဒေါ်လာ ၁၈ ထရီလီယံ)ထိ စံချိန်တင်မြင့်မားခဲ့ရာ တစ်နှစ်လျှင် ၃ရာခိုင်နှုန်း တိုးတက်နေဆဲဖြစ်နေသည်ကို မြင်ရမည်ဖြစ်သည်။  

တရုတ်နိုင်ငံသို့ FDI ဝင်ရောက်မှုကို ပြန်ကြည့်ပါက ကိုဗစ်မဖြစ်ခင် ၂၀၁၉ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၆.၇၁ ဘီလီယံဝင်ရောက်ခဲ့သည် ။  COVID-ဒဏ်ခံရသော ၂၀၂၀ ခုနှစ်တွင် တရုတ်ပြည်မကြီးသို့ FDI ဝင်ရောက် မှုသည် အမေရိကန်ဒေါ်လာ ၁၄၉.၃၄ ဘီလီယံ ရှိခဲ့သည်။ ၂၀၂၁ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၃.၄၈ ဘီလီယံ၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၉.၁၃ ဘီလီယံ ရှိခဲ့ သည်။

တစ်ကမ္ဘာလုံး ကိုဗစ်ကူးစက်မှုကို အလူးအလဲခံနေရသည့် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ FDI ဝင်ရောက်မှုမှာ ၃၄.၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သည့်။ ထိုအချိန်တွင် တရုတ်သို့ FDI ဝင်ရောက်မှုက မကျဆင်းဘဲ တိုးတက်မှုနှုန်း ၅.၇ ရာခိုင်နှုန်းရှိခဲ့သည်။ ကိုဗစ်မူဝါဒ အစီအမံသစ်စခဲ့သည့် ၂၀၂၂ခုနှစ်တွင် FDI ဝင်ရောက်မှုမှာ အများဆုံးဖြစ်ခဲ့ပြီး ၈ ရာခိုင်နှုန်းထိတိုးတက်ခဲ့သည်။

၂၀၂၂ခုနှစ်တွင် FDI ဝင်ရောက်မှုကိုကြည့်ပါက အလုပ်အကိုင်များစွာပေးနိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသို့ FDI ဝင်ရောက်မှုမှာ ယခင်နှစ်များထက် ယွမ် ၃၂၃ ဒသမ ၇ ဘီလီယံအထိ တိုးမြင့်လာပြီး ၄၆ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အဆင့်မြင့်နည်းပညာဆိုင်ရာ လုပ်ငန်းများတွင်လည်း FDI ဝင်ရောက်မှုမှာ ၂၀၂၁ ခုနှစ် နှင့် နှိုင်းယှဉ်လျှင် ၂၈.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

လောခ့်ဒေါင်းနှင့်ကန့်သတ်ပိတ်ဆို့မှုများကို အာဏာပိုင်များက လျော့ချကာ ကိုဗစ်အစီအမံသစ်များကို ချမှတ်ပြီးနောက် တရုတ်၏ စီးပွားရေးလုပ်ငန်းများသည် ကပ်ရောဂါမဖြစ်ပွားမီ တိုးတက်မှုလမ်းကြောင်းနီးပါး အမီလိုက်နိုင်ခဲ့သဖြင့် အံအားသင့်ဖွယ်ရာဖြစ်ခဲ့ရသည်။အထူးသဖြင့် လူဦးရေ တစ်ဘီလျံခွဲနီးပါးရှိသည့် တရုတ် ပြည်သူများကို ကမ္ဘာ့တွင် ကိုဗစ်ကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ရုံသာမက ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံကိုလည်း စီးပွားရေးတိုးတက်မှုအရှိန်မလျော့အောင် လုပ်နိုင်ခဲ့မှု၏နောက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ကောင်းမွန်သည့်လုပ်ဆောင်ချက်နှင့် ဦးဆောင်မှုက အဓိကကျခဲ့သည်။   

ကိုဗစ်ကာလဖြစ်သည့် ကပ်ရောဂါပြင်းထန်ချိန်ဖြစ်သည့် ၂၀၂၀ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်  တရုတ်နှစ် သစ်ကူး ပထမနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် က  CPC နိုင်ငံရေးဗျူရို  ဗဟိုကော်မတီ၏ ကြားဖြတ်အစည်းအဝေးကို  ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ  COVID-19 ဖြစ်ပွားမှုအပေါ် အာရုံစိုက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ကပ်ရောဂါနှင့် ပတ်သက်၍ ဗဟိုဦးဆောင် အဖွဲ့တစ် ဖွဲ့ ဖွဲ့စည်းရန်၊ ဗဟိုလမ်းညွှန်အဖွဲ့ကို စေလွှတ်ကာ ညှိနှိုင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်ကောင်စီမှ အေဂျင်စီအချင်းချင်း ပူးပေါင်းညှိနိုင်းသည့် လုပ်ငန်းဆိုင်ရာ အဖွဲ့တစ်ဖွဲ့ ကိုဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအစည်း အဝေးမှ ကူးစက်မှုမြန်သည့်ဗိုင်းရပ်စ်ကို ဖြတ်ချရန်၊ နိုင်ငံတော်အဆင့်ဖြင့် လျင်လျင်မြန်မြန်တုံ့ပြန်ရန် ပြင်ဆင်ခဲ့သည်။

ထိုကာလအတွင်း အစားပြန်မရသည့် လူဦးရေတစ်ဘီလီယံခွဲနီးပါးရှိသည့် တရုတ်ပြည်သူများ၏ အသက် နှင့်ကျန်းမာရေးကို ဦးစားပေးသည့် မူဝါဒကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ချမှတ်ခဲ့သည်ဆိုသော် လည်း တရုတ်ပြည်သူများ၏စီးပွားရေးနှင့် စားဝတ်နေရေးကိုလည်း မထိခိုက်အောင် တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများလည်ပတ်ခွင့်ကိုလည်း ထိုကာလအတွင်း သတိထားကိုင်တွယ်ခဲ့သည်ကို တွေ့ ရသည်။

စီးပွားရေးအပိုင်းတွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက  တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေများကို စစ်ဆေးလေ့လာနိုင်ရန် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေး တွင် အဓိကအားဖြင့် ၂၀၂၂နှစ် ဒုတိယနှစ်ဝက်ကာလ တရုတ်စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုအတွင်း စီးပွားရေးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုများကို တွန်းအားများအဖြစ် အသုံးပြုဖို့၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ သုံးနှစ်တစ်ကြိမ် ပြုပြင်ပြောင်းလဲမှုစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ သွင်းကုန် ပို့ကုန်လုပ်ငန်းများကို တက်ကြွစွာ အားပေးဖို့၊ နည်းပညာနှင့် နိုင်ငံခြားငွေ အသုံးပြုမှု မိတ်ဆက်ရေးကို ထိရောက်စွာ ပြုလုပ်ဖို့ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ရှီက ယခုနှစ်အစမှစတင်၍ တရုတ်နိုင်ငံသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ COVID-19 ကာကွယ်ထိန်းချုပ်ရေးကို ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အပြုသဘောဆောင်သော ရလဒ်များနှင့် မျက်နှာစာနှစ်ခုတွင် အောင်မြင်မှုများရရှိခဲ့သည်။ နိုင်ငံတစ်ဝန်းလုံးက ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါအောင်မြင်မှုများကို အပြည့်အဝအသိအမှတ်ပြုရန် ထိုက်တန်ကြောင်းပြောခဲ့သည်။

၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးပြန်လည်နာလန်ထူလာမှုကို စုစည်းရန်၊ အလုပ်အကိုင်နှင့် ဈေးနှုန်းများ တည်ငြိမ်စေရန်၊ စီးပွားရေးကို သင့်လျော်သောအတိုင်းအတာတစ်ခုအတွင်း လည်ပတ်နေစေရန်နှင့် အ ကောင်းဆုံးဖြစ်နိုင်ချေရလဒ်များရရှိရန် ကြိုးပမ်းရန် ကြိုးပမ်းအားထုတ်မှုများကို တိုက်တွန်းခဲ့သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ကိုဗစ်ကာကွယ်ရေးအတွက် တိကျသည့် အချက် ၁၀ ချက်ထုတ်ပြန်ခဲ့ရာ မြို့ကြီးအများအပြားသည် ကျယ်ပြန့်သော လော့ခ်ဒေါင်းချမှု များ ကို ရုတ်သိမ်းရန်၊ ပုံမှန် PCR စမ်းသပ်မှုများကို လျှော့ချရန်နှင့် မြေအောက်ရထားဘူတာများနှင့် ပန်းခြံများကဲ့သို့သော အများသူငှာနေရာများတွင် ကိုဗစ်ကူးစက်မှုကင်းရှင်းကြောင်း ရှိ/မရှိစစ်ဆေးမှုများကို အဆုံးသတ်ခဲ့ရာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏အကြီးအကဲက တရုတ်နိုင်ငံသားများအတွက် အလွန်ကောင်းမွန်သည်သာမက အာရှနှင့် ကမ္ဘာ့နိုင်ငံများအတွက်လည်း အရေးပါသည်ဟု ပြောခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) ညွှန်ကြားရေးမှူးချုပ် အိုကွန် ဂျိုအိုင်ဝီလာကလည်း ထိုလျော့ချ မှုကြောင့် ကပ်ရောဂါ၏သက်ရောက်မှုများ၊ ယူကရိန်းစစ်ပွဲနှင့်ရာသီဥတုပြောင်းလဲမှုများကြောင့် လှုပ်ခတ်နေ သော ကမ္ဘာတွင်မသေချာမှုများကို ဖယ်ရှားရာ၌ အကူအညီဖြစ်စေလိမ့်မည်ဟု ပြောဆိုခဲ့သည်။

ကိုဗစ်ကာလအတွင်း အခြားနိုင်ငံများ စီးပွားရေးယိမ်းယိုင်ခဲ့သော်လည်း တရုတ်စီးပွားရေးကမှု အရှိန် မပျက် တိုးတက်နေဆဲဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်ညက အင်တာနက်၊ရုပ်သံမီဒီယာများမှတစ်ဆင့်‌ ပြောခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံသမ္မတ ဖြစ်သည့် ရှီကျင့်ဖျင်က “တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခံနိုင်ရည် အားကောင်းနေဆဲ ဖြစ်ပြီး အလားအလာကောင်းမွန်ကာ တက်ကြွမှုလည်း ရှိပါတယ်။ ရေရှည်တိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံတည်တံ့ခိုင်မြဲမှုတွေဟာ အားကောင်းနေဆဲ ဖြစ်ပါတယ်။ မိမိတို့သာ ယုံကြည်ချက်အပြည့်နဲ့ တည်ငြိမ်မှုကို ဆုပ်ကိုင်ပြီး ရှေ့ဆက်တိုးတက်ရေးအတွက် ဆောင်ရွက်နေနိုင်သမျှ ချမှတ်ထားသမျှ ပန်းတိုင်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”လို့ ပြောခဲ့သည်။

စျေးကွက်အဖွဲ့အစည်းပေါင်း သန်း ၁၆၀ ကျော်ရှိကာ ဉာဏ်ရည်ထက်မြက်ပြီး အလုပ်ကြိုးစားသူများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံးသောခံနိုင်ရည်ရှိမှုနှင့် မိမိကိုယ်ကို အာမခံချက်ပေးစွမ်းနိုင်သူများ နှင့် ဖွဲ့စည်းထားသည့် တရုတ်နိုင်ငံသည် ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွက် ခိုင်မာသော တိုးတက်မှုနှုန်းရှိသည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဗဟိုချက်ဖြစ်လာနေသည့် အာရှပစိဖိတ်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စစ်မှန်သော မောင်းနှင်အားအဖြစ် ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တွင် တရုတ် ဒုတိယဝန်ကြီးချုပ်က တရုတ်နိုင်ငံ၏တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကပ်ဘေးလျော့ပါးချိန် တိုးတက်မှုလမ်းကြောင်းပေါ် အချိန်ကိုက် ပြန်ရောက်လာသည့် တရုတ်စီးပွားရေး၏ အံ့ဖွယ်စွမ်းဆောင်နိုင်မှုတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အချိန်နှင့်တပြေးညီ လိုက်ပါထိန်းကျောင်းမှုက အဓိကကျလေပေသည်။

လင်းသစ်အောင်