【 နိုင်ငံတကာဆောင်းပါး 】ယူကရိန်းအရေးကို အာရုံစိုက်ဖွယ်ရှိတဲ့ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်

【 နိုင်ငံတကာဆောင်းပါး 】ယူကရိန်းအရေးကို အာရုံစိုက်ဖွယ်ရှိတဲ့ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ မော်စကိုသို့ သုံးရက်ကြာခရီးမှာ လက်ရှိရုရှား-ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကြောင့် အားလုံးက စောင့်ကြည့်နေကြသည်။ ရှေ့ဆက်မတိုးသာဘဲ လိပ်ခဲတည်းလည်းဖြစ်နေသည့် စစ်ပွဲကြောင့် အဆိုပါခရီးစဉ်သည် တရုတ်သမ္မတအတွက် အလွန်သိမ်မွေ့သည့်ခရီးစဉ်တစ်ခုဟု ကျွမ်းကျင်သူများက ဖော်ပြကြသည်။

ပေကျင်းက ရှီ၏ တတိယသက်တမ်း ပထမဆုံးနိုင်ငံတကာခရီးစဉ်ဖြစ်သော ယခုခရီးစဉ်ကို “ကမ္ဘာ့အုပ်ချုပ်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးခရီးစဉ်” နှင့် “ကမ္ဘာကြီး၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှု” ကိုအထောက် အကူပြုစေမည့် ခရီးစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ယခုခရီးစဉ်တွင် ရှီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုများအပြင် ယူကရိန်းသမ္မတဗလိုဒိုမြာဇီလင်စကီးနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ရုရှားခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးကြမည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးသည် အရေးကြီးသော နှစ်နိုင်ငံ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း ရုရှားနိုင်ငံဘက်က ပြောကြားထားသည်။

ရုရှား-ယူကရိန်းစစ်ပွဲတွင် ကြားဝင်ဖြန်ဖြေသူဖြစ်လာရန် အခွင့်အလမ်းအရှိဆုံးတစ်ခုတည်းသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည်မကြာသေးမီက ရန်ဘက်အာရပ်နှစ်နိုင်ငံဖြစ်သည့် အီရန်နှင့် ဆော်ဒီအာရေးဗီးယားကြား သံတမန်ပြန်ဆက်သွယ်မှုရှိစေရန် ကြားဝင်ဖျန်ဖြေနိုင်ခဲ့သည်။ထိုကဲ့သို့ ပဋိပက္ခကို ပြေလျော့စေခဲ့ခြင်းဖြင့် သမိုင်းဝင် သံတမန်အောင်မြင်မှုကိုရခဲ့သည့်အတွက် ယခုယူကရိန်းကို ကျူးကျော်ပြီးနောက် ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် ရုရှားနှင့် ခုခံစစ်ပန်းလာနေသည့် ယူကရိန်းကြား သမိုင်းဝင်စေ့စပ်ဖြန်ဖြေမှု လုပ်ဆောင်နိုင်မည်လားဆိုသည်မှာ နိုင်ငံတကာအတွက် ယခုခရီးစဉ်တွင် မျှော်လင့်စရာတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသည် ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲတွင် ကြားနေအဖြစ် ကြိုးစားခဲ့ပြီး ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးကို "စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို စွန့်လွှတ်ဖို့" ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ စတင်ဖို့ တိုက်တွန်းခဲ့သည်။ ပြီးခဲ့သောလတွင် ပေကျင်းက စစ်ပွဲနှင့်ပတ်သက်သည့် ၎င်း၏ရပ်တည်ချက်ကို အချက် ၁၂ ချက်ပါ စာတမ်းဖြင့်ဖော်ပြခဲ့သည်။ သို့ရာတွင် ကြားနေသည့် ရပ်တည်ချက်နှင့် မော်စကိုနှင့် မိတ်ဖက် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်းများကြောင့် ထိုအစီအစဉ်အပေါ် အနောက်နိုင်ငံများက သံသယရှိခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် သီတင်းပတ်က  အီရန်-ဆော်ဒီ သဘောတူညီချက်တွင် တရုတ်က ကြားဝင်ဆောင်ရွက်ပေးနိုင်မှုကြောင့် ယူကရိန်းစစ်ပွဲတွင် အလားတူ အခန်းကဏ္ဍမှ တရုတ်ပါဝင်နိုင်သည်ဟု နိုင်ငံအချို့နှင့် လေ့လာသုံးသပ်သူများက ယူဆကြသည်။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများတွင် ကြားဝင်ဖျန်ဖြေသူအဖြစ် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများသည့် ရှီ၏တတိယသက်တမ်းအစ ယခုနှစ်တွင် ပိုမိုထင်ရှားလာသည်။

ပေကျင်းအတွက် သိမ်မွေ့သော ခရီးစဉ်ဖြစ်သော ယခုရုရှားခရီးစဉ်ကို ပူတင်၏ လက်နက်ခဲယမ်းမီးကျောက်လိုအပ်ချက်ကြောင့်  အနောက်နိုင်ငံအချို့မှ သံသယရှိသော်လည်း ယူကရိန်းကမူ ဖြစ်ပွားနေဆဲ စစ်ပွဲ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ယူဆနေဆဲဖြစ်သည်။ထို့ကြောင့် ပေကျင်းကို စစ်ပွဲနှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသမ္မတက ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၁၆ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူဘာလေနှင့် တွေ့ဆုံခဲ့ရာတွင် စစ်ပွဲနှင့်ပတ်သက်သည့် ပေကျင်း၏ ရပ်တည်ချက်မှာ ဦးတည်ချက်ရှိပြီး တရားမျှတပြီး ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းမှုများကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း အလေးပေးပြောကြားခဲ့သည်။ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားကြောင်း ၎င်းက ပြောခဲ့သည်။

ယခုရုရှားခရီးစဉ်မတိုင်မီ ပူတင်ကို အိုင်စီစီက ယူကရိန်းကလေးငယ်များကို ရုရှားဘက် ရွှေ့ပြောင်းခေါ် ဆောင်ခဲ့ခြင်းကြောင့် စစ်ရာဇဝတ်မှုဖြင့် ဖမ်း၀ရမ်းထုတ်ခဲ့သည်။ ထို့အတွက် တရုတ်သမ္မတ၏ခရီးစဉ်မှာ ပို၍ စိတ် ဝင်စားစရာကောင်းလာခဲ့သည်။မတ်လ ၂၀ ရက် နံနက်က စခဲ့သည့် တရုတ်သမ္မတ၏ခရီးစဉ်တွင် ရှီကျင့်ဖျင်နှင့် အတူ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ပါတီဗဟိုကော်မတီရုံး ဥက္ကဋ္ဌ ဆိုက်ချီ၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မတီရုံးဥက္ကဋ္ဌ ဝမ်ယိ၊ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကန်းတို့ လိုက်ပါလာခဲ့ကြသည်။

ရှီကျင့်ဖျင်၏ အထူးလေယာဉ်မှာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မော်စကိုမြို့သို့ ရောက်ရှိပြီး ရုရှားဘက်မှ လေဆိပ်၌ ဒုတိယဝန်ကြီးချုပ် ချယ်နေရှင်ကိုနှင့် အခြားရုရှားအဆင့်မြင့်အရာရှိများ ကြိုဆိုခဲ့သည်။ ထိုသို့ ခရီးစဉ် စသည့်နေ့တွင် ရှီကျင့်ဖျင်၏ ဆောင်းပါး တစ်ပုဒ်ကို ရုရှား မီဒီယာများတွင်ဖော်ပြခဲ့ပြီး ရုရှားသမ္မတ ပူတင်၏ ဆောင်းပါးတစ်ပုဒ်ကို တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ရုရှားမီဒီယာများတွင်ဖော်ပြခဲ့သည့် ရှီကျင့်ဖျင်၏ ဆောင်းပါးတွင် နှစ်နိုင်ငံဆက်ဆံမှုသည် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ၏ စမ်းသပ်မှုကို ခံနိုင်ခဲ့သည့် သော့ချက်ကျရာမှာ နိုင်ငံချင်း ဆက်ဆံရေး လမ်းကြောင်းမှန်ကို ရှာတွေ့နိုင်ခဲ့ခြင်းပင် ဖြစ်သည်ဟု ဖေါ်ပြထားခဲ့သည်။

တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင်ဖော်ပြခဲ့သည့် ပူတင်၏ “ရုရှားနှင့် တရုတ်- အနာဂတ်ကို ရှေးရှုသော မိတ်ဖက်ဆက်ဆံမှု”ဆောင်းပါးတွင် ရုရှား-တရုတ် ဆက်ဆံမှုသည် နိုင်ငံကြီးများအကြား သင့်မြတ်သာယာပြီး တီထွင်ဖန်တီးမှုရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာ ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖျင်နှင့် ကျင်းပမည့်တွေ့ဆုံဆွေးနွေးပွဲသည် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းသော တွန်းအားသစ်များကို ဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

မတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးက ယူကရိန်းပြဿနာကိုမေးခဲ့ရာမှာ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင် ပင်က ယူကရိန်းပြဿနာနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ပကတိကျပြီး တရားမျှတသော ရပ်တည်ချက်ကို အမြဲတမ်းကိုင်စွဲထားကြောင်း၊ မိမိတို့ လုပ်ဆောင်ခဲ့သမျှ ခြုံပြီးပြောလျှင် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲကျင်းပရန် တွန်းအားပေးခြင်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်၊ ဆွေးနွေးရေးဘက်၊ သမိုင်းမှန်ကန်မှုဘက်တွင် အမြဲတမ်း ရပ်တည်နေပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ရုရှားသို့ သွားရောက်သည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတပူတင်တို့ မတ် ၂၀ ရက်တွင် မော်စကို မြို့ရှိ ကရင်မလင်နန်းတော်တွင်တွေ့ဆုံခဲ့ရာ၌ ခေါင်းဆောင်နှစ်ဦးကြား တရုတ်- ရုရှား ဆက်ဆံရေးနှင့် အတူတကွ အလေးထားကြသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး လေးနက်ပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုဆွေးနွေးမှုတွင် ရှီကျင့်ဖျင်က တရုတ်နှင့် ရုရှား ဆက်ဆံရေး ယနေ့အထိ တိုးတက်လာနိုင်ခြင်းသည် နက်ရှိုင်းသော သမိုင်း လော့ဂျစ် ရှိပါကြောင်း၊ တစ်ဖက်နဲ့ တစ်ဖက် အကြီးဆုံး အိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ အဖြစ်ဖြင့် တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် တစ်ဖက်က တစ်ဖက်၏ နိုင်ငံခြားရေးနှင့် နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေး နေရာတွင် တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်သော နိုင်ငံခြားရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးပါကြောင်း၊ တရုတ်နှင့်ရုရှား ဆက်ဆံရေးကို ကောင်းမွန်စွာ ခိုင်ခံ့စေရေးနှင့် တိုးတက်စေရေးသည် တရုတ်နိုင်ငံက ကိုယ့် နိုင်ငံ၏ အရင်းခံ အကျိုးစီးပွားနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ အပေါ် မူတည်ပြီး ပြုလုပ်သော မဟာဗျူဟာမြောက်ရွေးချယ်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် ဦးလည်မသုန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နှစ်ဖက်ကြား နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး ကုလသမဂ္ဂ အပါအဝင် ဘက်ပေါင်း စုံ ပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက် ရှင်သန်ရေးကို တွန်း အားပေးကာ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၏ ကျောရိုးမဏ္ဍိုင် အဖြစ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြော ခဲ့သည်။

ပူတင်က လွန်ခဲ့သည့်နှစ်များတွင် ရုရှားနှင့် တရုတ် ဆက်ဆံရေးသည် နယ်ပယ် အသီးသီး၌ အောင်မြင် မှုများ ရရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွေ့ကျ သည့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် နက် ရှိုင်းလာအောင် ဆောင်ရွက်ပြီး နိုင်ငံတကာ ကိစ္စရပ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ နိုင်ငံတကာ Multipolarization နှင့် နိုင်ငံတကာဆက်ဆံမှု ဒီမိုကရေစီ ဖြစ်ရေး ဖြစ်စဉ်ကို တွန်းအား ပေးလိုပါကြောင်း ပြောခဲ့သည်။

ခေါင်းဆောင်နှစ်ဦးကြား ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ရာတွင် ရှီကျင့်ဖျင်က မကြာမီက တရုတ်နိုင်ငံသည် ရပ်တည်ချက် စာတမ်းကို သီးသန့် ထုတ်ပြန်ခဲ့ပြီး ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပန်ကြား၍ စစ်အေးတိုက်ပွဲ အတွေးအခေါ်နှင့် တစ်ဖက်သတ် အရေးယူ ပိတ် ဆို့မှုကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် ယူကရိန်း အရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်လိုပါကြောင်း ပူတင်ကို ပြောခဲ့သည်။

ပူတင်က ရုရှားသည် ယူကရိန်း အရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ရပ်တည်ချက် စာတမ်းကို သေချာလေ့လာခဲ့ပြီး ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲအပေါ် ပွင့်လင်းသော သဘောထားနေပါကြောင်း၊ တရုတ် နိုင်ငံက ယင်းအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုပါကြောင်း ပြန်လည် ပြောကြားခဲ့သည်ကိုတွေ့ရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ သုံးရက်ကြာ ယခုခရီးစဉ်မှာ အနောက်နိုင်ငံများက သံသယဖြင့်စောင့်ကြည့် နေသော်လည်း ယူကရိန်းဘက်က မျှော်လင့်ချက်များစွာထားသည်ကိုတွေ့ရသည်။ ယူကရိန်းနိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရသူ အိုလက် နီကိုလန်ကိုက "ယူကရိန်းကို ကျူးကျော်တဲ့စစ် ရပ်သွားအောင်လို့ ပေကျင်းက မော်စကိုအပေါ်မှာရှိတဲ့ သြဇာကိုသုံးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်" ဟု မတ် ၂၀ ရက်တွင် ပြောခဲ့သည်။ ပူတင်ကလည်း တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သောအခန်းကဏ္ဍကို ကြိုဆိုကြောင်း ဆိုထားသည်။

ပဋိပက္ခဖြစ်နေသည့် နိုင်ငံနှစ်ခုက ထိုသို့ တူညီစွာ ကြားဝင်ဖို့ လက်ခံနေရာ စစ်မက်မလိုလားသော ကမ္ဘာအတွက် ရှီကျင့်ဖျင်၏ မော်စကို ခရီးစဉ်က  မျှော်လင့်စရာတစ်ခုခုထွက်လာနိုင်ပေသည်။

လင်းသစ်အောင်