【 ​ဆောင်းပါး 】ကျိုက်ထီးရိုးမရောက်ခင် ကျိုက်ထို

【 ​ဆောင်းပါး 】ကျိုက်ထီးရိုးမရောက်ခင် ကျိုက်ထို

ကျိုက်ထီးရိုးဘုရားဆိုတဲ့နာမည်ဟာ ကျနော်ငယ်ဘဝ ၄-၅နှစ်သားလောက်ကတည်းက ရင်းနှီးနေခဲ့တာ။ကျနော့်အဘွားရဲ့အစ်မ ဘွားဘွားကြီးက သူ့ဘဝအတွေ့အကြုံအင်မတန်ပြောပြတတ်သူဆိုတော့ ဘွား ဘွားကြီးကျိုက်ထီးရိုးသွားခဲ့တဲ့အကြောင်း ပြောပြလိုက်တာမှ ရွှန်းရွှန်းကိုဝေလို့။

ဘွားဘွားကြီးတို့ငယ်စဉ်ဘဝ အင်္ဂလိပ်အုပ်ချုပ်စဉ်အခါကတည်းက ကျိုက်ထီးရိုးဘုရားသွားဖူးခဲ့ကြတာ။ဘွားဘွားကြီးတို့က မော်လမြိုင်တစ်ဖက်ကမ်း၊မွန်ပြည်နယ်ထဲမှာပါတဲ့ဘီလူးကျွန်းသူ။ဘီးလူးကျွန်းကနေ မော်လမြိုင်ကို သင်္ဘောစီး၊မော်လမြိုင်-မုတ္တမ နောက်ထပ်သင်္ဘောထပ်စီး။ပြီးတော့မှ မုတ္တမကနေ ကျိုက်ထို မြို့ဆီ ရန်ကုန်-မုတ္တမရထားစီး။ကျိုက်ထိုဆိုတာက ကြားဘူတာ။

အင်္ဂလိပ်ခေတ်တုန်းက ရထားချိန်ကို မှန်နေရော’တဲ့။ဘွားဘွားကြီး ကျိုက်ထီးရိုးအကြောင်းပြောတိုင်းပါလေ့ရှိတဲ့စကား။

ဘွားဘွားကြီး နောက်ဆုံးအခေါက် ကျိုက်ထီးရိုးဘုရားဖူးက ကျနော့်အဒေါ် အပျိုပေါက်အရွယ်ဆိုတော့ အသက် ၅၀ ဝန်းကျင်လို့ထင်ရတယ်။အဲဒီတုန်းက ဆွေမျိုးတွေတစ်သိုက်ကြီးသွားကြတာ။ဘွားဘွားကြီး ကရပ်ထဲရွာထဲမှာလည်း ခေါင်လူကြီး၊ဆွေမျိုးတွေကြားမှာလည်း ဒေါင်ဒေါင်မြည်အပျိုကြီး ခေါင်လူကြီး။

ကြောက်ရတဲ့ခေါင်လူကြီးနဲ့သွားရတာမို့ ကျနော်တို့ဆွေမျိုးထဲက လူပျို၊အပျိုတွေက ဘွားဘွားကြီး အနားမှာရှိနေရင် မလှုပ်ရဲ ဗိုင်းကောင်းကျောက်ပိ။ဘွားဘွားကြီးမရှိမှသာ နည်းနည်းကဲလို့ရတာ။

အဲဒီတုန်းက တောင်ပေါ်ကို ကုန်းကြောင်းတက်ကြရတာ မောလည်းမော ပျော်လည်းပျော်။ကာလသား သမီးတွေအတွက် ဘယ်ကမှန်းမသိတဲ့ကာလသားသမီးချင်း မထိတထိ အစအနောက်လေးတွေနဲ့ ပိုပျော် လို့။လမ်းမှာ မောမောနဲ့သောက်ရတဲ့ရေချမ်းစင်တိုင်းက ရေအေးစိမ့်နေတာမို့ အမောကိုပြေရောဆိုလား။ (ဘွားဘွားကြီးကအဲဒီလို‌ပြောရင်းနဲ့ လက်အုပ်ချီ၊မျက်လုံးမှိတ်ပြီး ရေကုသိုလ်ရှင်တွေကျန်းမာ၊ချမ်းသာကြပါ စေလို့ လှမ်းမေတ္တာပို့ဆုတောင်းလိုက်သေး။) ဘွား ဘွားကြီးတို့ လူကြီးတွေက ကျိုက်ထီးရိုးတောင်ဝှေးတွေနဲ့ တရွေ့ရွေ့တက်ရ။

ဟိုး…ရန်ကုန်တိုင်းထဲမှာနေတဲ့ ကျနော့်အမျိုးသမီးကလည်း အသက်၂၀ကျော်အရွယ်က သူ့မိသားစုနဲ့ အတူကျိုက်ထီးရိုးဘုရားဖူးခဲ့ဖူးတယ်တဲ့။သူတို့တုန်းကလည်း ကားလမ်းပင်မရှိသေးတော့ တောင်ပေါ်သို့ခြေ လျင်တက်။တောင်ပေါ်ရောက်တော့ ဈေးကြီးလှတဲ့တည်းခိုခန်းတစ်ခုမှာ သူတို့မိသားစုကျပ်ကျပ်သိပ်သိပ် အိပ်ရတယ်တဲ့။ဘွားဘွားကြီးတို့တုန်းကတော့ ဘုရားရင်ပြင်မှာ အိပ်ခဲ့တယ်ဆိုလား။ ကျနော့်အမျိုးသမီးပြောတဲ့အထဲမှာလည်း တောင်ပေါ်လမ်းတစ်လျှောက် သောက်ခဲ့ဖူးတဲ့ ရေချမ်းစင်ရေ ဘယ်ရေနဲ့မှမတူအောင် အေးစိမ့်လို့ တဲ့၊နာမည်ကျော်။

ကျနော်က ဘီလူးကျွန်းသားဖြစ်ရုံမက အသက်၂၀ကျော်အရွယ် ကျိုက်ထိုနဲ့ခပ်နီးနီးမြို့မှာ နေထိုင်ခဲ့ ဖူးတာတောင် အသက်၄၀ကျော်အထိ ကျိုက်ထီးရိုးဘုရားမဖူးခဲ့ဘူး။ကိုယ့်မိသားစု၊ကိုယ့်ပတ်ဝန်းကျင် ကျိုက် ထီးရိုးဘုရားဖူးသွားကြတာအကြိမ်ကြိမ်ကြုံခဲ့ပေမဲ့ ကိုယ်တိုင်က ဘုရားနဲ့နည်းနည်းခပ်လှမ်းလှမ်းမှာမို့ မ ရောက်။မွန်ပြည်နယ်ထဲက နိုင်ငံအဆင့်နာမည်ကျော်ဘုရားကို ဘီလူးကျွန်းသားက မရောက်ဖူးတာ တော် တော်ရှက်စရာကောင်းတယ်လို့ တချို့က ပြောကြပေမဲ့ ကျနော်ကတော့ မရောက်လက်စနဲ့ မရောက်ခဲ့ပါဘူး။

၂၀၁၆ခုနှစ်ရောက်မှသာ မိသားစု ကျိုက်ထီးရိုးသွားကြမယ်ဆိုပြီးဖြစ်လာလို့ မရောက်ဖူးသေးတဲ့ ကျိုက်ထီးရိုးကို အရောက်သွားတော့မယ်လို့ အားခဲလိုက်တယ်။ကျနော်တို့မိသားစု၃ယောက်၊မိန်းမရဲ့ညီမလင် မယားနဲ့ အဲဒီတုန်းက အပျိုကြီး မိန်းမရဲ့ ညီမနောက်တစ်ယောက် စုစုပေါင်း၆ယောက်။ကျနော့်သားက သူ့အဒေါ်တွေပါပါလို့ဆိုပြီး လွှတ်ပျော်တာပေါ့။

ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုတော့ ကျနော့်စိတ်ကြိုက်ရထားနဲ့သွားဖို့ဖြစ်လာတယ်။သွားတဲ့အချိန်က ရထားစီးပရိသတ်နည်းတဲ့ နွေတစ်ရက်မို့ လက်မှတ်ကလည်းမခက်။ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်းပေါ်က ရထား လက်မှတ်ရုံမှာ အထက်တန်းတွဲလက်မှတ် ၆စောင် အလွယ်တကူရတယ်။

မနက်စောစော ၅နာရီကျော်ထွက်မယ့်ရထားမို့ မနက်စောစောထ တက္ကစီနဲ့ ရန်ကုန်ဘူတာကြီးသို့ တက်တက်ကြွကြွ။ဘူတာကြီးနားက ဘယ်အချိန်မဆိုစားမကောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ မနက်စာထမင်းကြော် လေးဘာလေးလွေးပြီးနောက် ရထားပေါ် တက်ကြပေါ့။

ရထားအထက်တန်းတွဲက အထက်တန်းတွဲမပီသစွာနဲ့ အရင်အတိုင်း ဆိုဖာခပ်နွမ်းနွမ်း၊ ဆိုဖာလက်တန်းကနေ ဆွဲထုတ်လို့ရတဲ့ သံချေးတက် နေတဲ့ စားစရာတင် သံပြားကြီးကလည်း အရင်အတိုင်းပါပဲ။ ဒါပေမဲ့၊ရထား ကအရင်နဲ့မတူ သတ်မှတ်အချိန်အတိုင်း စတင်တာထွက်တာကိုတော့ လေးစားရတယ်။

ရထားထွက်ပြီဆိုတော့ ကျနော့်သားမေးသမျှ လျှောက်ဖြေ၊တောင်ဒဂုံကျော်ပြီးတဲ့နောက် ကျနော့်ထုံး စံအတိုင်း ပြတ်ပြတ်သားသားကိုငိုက်ကျ။ပဲခူးဘူတာရောက်လို့ စမူဆာပူပူလေးဆိုတဲ့ အသံကြားမှ နိုးလာ တယ်။စမူဆာပူပူလေးဝယ်၊တခြား ပါးစပ်နဲ့တွေ့မယ်ထင်တာတွေဝယ်။ခရီးသွားတယ်ဆိုတာ အတတ်နိုင်ဆုံး ဘာကိုမှ မချုပ်တည်းမိစေနဲ့ဆိုတဲ့အတိုင်း။

ရွှေမော်ဓောဘုရားကိုမြင်တော့ မွန်ရာဇဝင်ကြီးခဲ့တဲ့ ဟံသာဝတီခေတ်အကြောင်း သားကိုပြောပြ။ပြီးတော့ဟံသာဝတီထက်ပိုစောပြီး ဘီလင်းမှာ တူးဖော်နေတဲ့ သုဝဏ္ဏဘူမိနေပြည်တော်နဲ့ ကျော်ကြားခဲ့တဲ့မုတ္တမ ရာဇဝင်။

ရထားက ဝေါရောက်ပြီး နာရီဝက်လောက်တောင်မကြာ စစ်တောင်းတံတားရောက်တော့မယ်ဆိုတော့ သားကိုပြောပြ။ရထားကတံတားအပေါ်အဖြတ် ရထားခုတ်သံ တဝေါဝေါမြည်လာချိန် ကျနော်ငယ်ငယ် တုန်းက တအံ့တဩ ဖြစ်ပုံမျိုး သားမျက်ဝန်းထဲ မြင်ရတော့ ကျေနပ်ရပြန်တယ်။

တံတားဆုံးတာနဲ့ မွန်ပြည်နယ်ကနေကြိုဆိုပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်လိုက်ရချိန် ဟိုး…ငယ်စဉ်တုန်းကအတိုင်း ‘ငါတို့မြေရောက်ပြီ’ဆိုတဲ့ အသိက အရင်အတိုင်းလတ်လတ်ဆတ်ဆတ်ဝင်လာတော့ ကျေနပ် ရပြန်တယ်။

‘သား၊ကြည့်စမ်းပါဦးကွာ၊ဘယ်လောက်ထိလှတဲ့ မွန်ပြည်နယ်လဲ’လို့ အသားလွတ်ဂုဏ်ယူပြမိတော့ သားဖြစ်သူက ခေါင်းတဆတ်ဆတ်မို့ ထပ်ကျေနပ်ရ။

‘ဘယ်နေရာလှတာလဲ၊ကျမမြင်တာကတော့ ရော်ဘာတောတွေနဲ့ မှောင်နေတာချည်းပဲ’လို့ မိန်းမက လှမ်းခတ်တော့ ရယ်လိုက်ရပြန်တယ်။

ကျနော့်အတွက်တော့ မွန်ပြည်နယ်ဆိုတာ ဘယ်အချိန်ကြည့်ကြည့် ဘယ်နေရာကြည့်ကြည့်လှနေတာချည်း။မွန်ပြည်နယ်ကို ပိုလှသွားစေတာကတော့ စစ်တောင်းတံတားအကျော် သိမ်ဇရပ်ဘူတာမှာကတည်းက တက်လာတဲ့ ထမင်းပေါင်းသည် ကြောင့်ပဲလို့ ထပ်ဆိုမိတယ်။

ကျနော်တို့မွန်ပြည်နယ်ဖြစ် နှင်းပုလဲထမင်းပေါင်း။အရင်ကျနော်တို့လူပျို တော်တော်ကြီးတဲ့အထိ ဘီးလင်းမြို့နယ်၊နှင်းပုလဲဘူတာမှာရောင်းတဲ့ နာမည်ကျော်ရွှေမျက်မှန်ထမင်းပေါင်းကတော့ ဘူတာမှာမရောင်း တော့တာကြာပြီ။ရွှေမျက်မှန်မရှိတော့တဲ့နောက် ရွှေမျက်မှန်အနွယ်တော်တွေလားမသိ ထပ်ရောင်းနေကြတာ အခုထိ။ရွှေမျက်မှန်လက်ရာကိုမမီပေမဲ့ ရွှေမျက်မှန်စံချိန်ဝင်လက်ရာ။

နှင်းပုလဲဘူတာဆိုတာက ကျိုက်ထိုဘူတာရောက်ပြီး တော်တော်ကြာမှ ရောက်တာမို့ ဒီတစ်ခေါက် ထမင်းပေါင်းစားရလိမ့်မယ်လို့ လုံးဝမမျှော်မှန်းထားဘဲ စားရတော့မှာမို့ သိပ်ကျေနပ်ရတယ်။အပေါ်ယံသတင်း စာစက္ကူနှစ်ထပ်၊အတွင်းထဲ ဌက်ပျော်ဖက်နှစ်ထပ်လောက်နဲ့ မွှေးမွှေးမြမြ။

နေ့လယ်စာအချိန်လည်း ရောက်ပြီမို့ ထမင်းပေါင်း၆ထုပ်ဝယ်လိုက်တယ်။မကြာမီ ကျိုက်ထိုဘူတာကို ရထား ဆိုက်တော့မယ်ဆိုတော့ စင်ပေါ်ကအထုပ်အပိုးတွေချလို့ ခါးကြောဆန့်လိုက်တယ်။

 

ငြိမ်းဆက်