【ဆောင်းပါး】မြန်မာ့ခရီးသွားလုပ်ငန်း၏ မျှော်လင့်ချက်ရောင်ခြည် တရုတ်ခရီးသွားများ

【ဆောင်းပါး】မြန်မာ့ခရီးသွားလုပ်ငန်း၏ မျှော်လင့်ချက်ရောင်ခြည် တရုတ်ခရီးသွားများ

ပြင်းထန်လွန်းသော ကပ်ရောဂါအလွန်ကာလတွင် ရပ်နားထားခဲ့ရသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍ အသီးသီး ပြန်လည်နိုးထလာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို အနောက်နိုင်ငံများသာမက အရှေ့တောင်အာရှ နိုင်ငံအချို့ တွင်ပါ သာမန်ရာသီတုပ်ကွေးရောဂါအဖြစ် အဆင့်သတ်မှတ်လျှော့ချလာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်တန့်ထားခဲ့ရသည့် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်လည်စတင်ခဲ့သည်။ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ချိန်တွင် အာဆီယံနိုင်ငံများမှ ခရီးသွားဧည့်သည်အများဆုံးဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ တရုတ်လူမျိုး ခရီးသွားဧည့်သည်မှာ အများဆုံးဖြစ်သည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက် ပြည်ပနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ထားခဲ့ရာ မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ် အများစုကိုပါ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၈ရက်တွင် တရုတ်အစိုးရက ပြည်ဝင်/ပြည်ထွက်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့သည်။ ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော လေကြောင်းလိုင်းများနှင့် နယ်စပ်ဂိတ်ပေါက်များကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ မန်စီမြို့နှင့် မန္တလေးမြို့ကို တိုက်ရိုက်ပျံသန်းပြေးဆွဲသော Ruili Airline ကိုပြန်လည် စတင်ပြေးဆွဲခဲ့သလို တစ်ပတ်လျှင်သုံးကြိမ်ဖြင့် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ရှမန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်းခရီးစဉ်ကိုလည်း ယခုနှစ် ဧပြီလအတွင်းက ပြန်လည်ပြေးဆွဲခဲ့သည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ခရီးသွားခွင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် နိုင်ငံတကာခရီးသွားဧည့်သည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အမေရိကန် စသဖြင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များ ဝင်ရောက်ခဲ့ပြီး အာရှနိုင်ငံများမှ ထိုင်း၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင် စသဖြင့် ခရီးသည်များ ဝင်ရောက်ခဲ့သည်။

အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသို့ အများဆုံးဝင်ရောက်ခဲ့သည့် ခရီးသွားများမှာ တရုတ်ခရီးသွားဧည့်သည်များဖြစ်ပြီး ဇန်နဝါရီလမှ ဧပြီလအထိ ၄လအတွင်း တရုတ်ခရီးသွားဧည့်သည် စုစုပေါင်း ၈၆၁၄၉ဦး အထိရှိခဲ့သည်။ ဇန်နဝါရီလ တစ်လအတွင်းမှာပင် ဗီဇာနှင့် ဝင်ရောက်ခဲ့သူ ၃၉၆၅ဦးရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ၁၄၉၁၃ဦး ဝင်ရောက်ခဲ့သည်။ မတ်လတွင် ၂၈၃၈၅ ဦးနှင့် ဧပြီလတွင် ၃၈၈၈၆ဦးအထိ ရှိခဲ့သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်ခဲ့သည့် နိုင်ငံအသီးသီးမှ ခရီးသွားဧည့်သည်နှင့် အာရှနိုင်ငံများမှ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည် စုစုပေါင်းမှာ ၄သိန်းကျော်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၂၃၃,၄၈၇ ဦးဝင်ရောက်ခဲ့ပြီး ထိုကာလတွင်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အများဆုံးသောနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ခရီးသွားခွင့်ပြန်လည်ခွင့်ပြုပေးခဲ့ချိန်တွင် နယ်စပ်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ခရီးသွား ဧည့်သည် များအနေဖြင့် ၁၄ ရက်အတွင်း ကာကွယ်ဆေးထိုးနှံသည့်အထောက်အထားနှင့် ၄၈ နာရီအတွင်း RPT (ကိုဗစ်ပိုးမရှိကြောင်း ဆေးစစ်ချက်)ပြရမည်ဟု တရုတ်နိုင်ငံဘက်က သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံမှလည်း နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံတကာခရီးသွားများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများနှင့် ဝင်ရောက်စေခဲ့သည်။  ခရီး သွားလုပ်ငန်း ပြန်လည်စတင်လာနိုင်ခဲ့သည့် အနေအထားလည်းဖြစ်သည်။

ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ခရီးသွားလုပ်ငန်းများကို ၂နှစ်ကျော်ကြာ ရပ်နားထားခဲ့ရသောကြောင့် ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှလည်း ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာစေရန် မျှော်လင့်လျှက်ရှိကြသည်။

ကပ်ရောဂါမတိုင်ခင်ကာလများတွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ပြည်ပသို့ ခရီးသွားလာမှုအခြေအနေမှာ ကောင်းမွန်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး ပြည်တွင်းခရီးစဉ်လမ်းကြောင်းသစ်များစွာနှင့် နှစ်နိုင်ငံထိစပ်နေသည့် နိုင်ငံများသို့ အလည်အပတ်ခရီးစဉ်အသစ်များကို အလွယ်တကူသွားရောက်နိုင်ရန် ဖော်ဆောင်နိုင်ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်းခရီးစဉ်လမ်းကြောင်းအသစ်များစွာကိုလည်း ခရီးသွားလုပ်ငန်းများက ချဲ့ထွင်နိုင်ခဲ့ကြသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ခရီးသွားလာရေးနှင့် ပတ်သက် ၍လည်း တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုစာချုပ်များစွာ ရေးထိုးထားခဲ့ကြသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ယခင်အစိုးရ လက်ထက်က ဖိုရမ်များကျင်းပခဲ့ပြီး “ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း တရုတ်-မြန်မာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မိတ်ဆွေပူးပေါင်းဆက်ဆံရေး၏  တွန်းအားသစ်” ဟူသည့်ခေါင်းစဉ်ဖြင့် ပထမအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ကျင်းပနိုင်ခဲ့သည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊၂၀၁၉ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ၄ ဒသမ ၈သန်းကျော်အထိ ရှိခဲ့သည်။

သို့သော် ဆိုးရွားလှသော ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ခရီးသွားလုပ်ငန်းမှာ တုံ့ဆိုင်း သွားခဲ့ပြီး ခရီးသွား ကုမ္ပဏီများ၊ ခရီးသွားဧည့်လမ်းညွှန်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များမှာ လုံးဝရပ်နားခဲ့ရသည့် အခြေအနေဖြစ်သည်။

ခရီးသွားလာရောက်မှုမရှိသည့်အတွက် ပြည်တွင်း ပြည်ပခရီးသွားကုမ္ပဏီများမှအစ အထင်ကရခရီးသွား ဒေသများရှိ ခရီးသွားများကို မှီခိုနေရသည့် ဒေသခံများအထိ အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ကြရပြီး အများစုမှာ အလုပ်လက်မဲ့အခြေအနေသို့ပင် ရောက်ရှိခဲ့ရကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

ထို့အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ ရွှေရောင်နေ့ရက်များ ပြန်လည်ရောက်ရှိရေးမှာ အားယူကြိုးပမ်းကြရဦးမည် ဖြစ်သည်။ သို့သော်လည်း လက်ရှိ နိုင်ငံအတွင်းသို့ အများဆုံးဝင်ရောက်လည်ပတ်လျက်ရှိသည့် တရုတ်ခရီးသွားများသည်ပင် ပြည်တွင်းခရီးသွားလုပ်ငန်း၏ မျှော်လင့်ချက်ရောင်ခြည်ဟု ဆိုရမည်ဖြစ်သည်။

မေ

Photo Credit:  Fly in Myanmar