【 ဆောင်းပါး 】ချောင်းသာသွား တစ်ညတာ

【 ဆောင်းပါး 】ချောင်းသာသွား တစ်ညတာ

တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ မိသားစုအပန်းဖြေခရီးထွက်သင့်တယ်လို့ ကိုယ့်ဘာသာ ယူဆမိတယ်။ဖြစ်နိုင်ရင် တစ်နှစ်ကိုနှစ်ခေါက်။ပထမတစ်ခေါက်က သားတွေသမီးတွေပါပါတဲ့ မိသားစုစုံညီ။ဒုတိယ တစ်ခေါက်ကတော့ သားတွေသမီးတွေ အကုန်ထားခဲ့။လင်မယားနှစ်ယောက်တည်း ထွက်ကိုထွက်သင့်တဲ့ခရီး။ အိမ်ထောင်သက်ကကြာလာတော့ ကိုယ်စီအရှုပ်ထုပ်တွေနဲ့ ဘာသိဘာသာဖြစ်လာတဲ့ လင်မယားဘဝကို ရင်ခုန်သံတွေ ပြန်လည်ဆန်းသစ်ခြင်းလို့ဆိုမလား။မကြည်တာတွေ၊အလိုမကျတာတွေ၊အော်ချင်ငေါက်ချင်တာတွေ ခဏဆိုင်းထားပြီး အတိတ်ကပျိုမြစ်မှုတွေဆီ ပြန်ငေးလို့ကောင်းတဲ့ခရီး။တချို့လင်မယားတွေဆို အိမ် ထောင်သက်ကြာလာလေ၊ အဖုအထစ်များလာလေ။အပြန်အလှန် ထစ်ခနဲရှိ သည်းမခံနိုင်ကြတာတွေနဲ့ ကောင်းကောင်းမွန်မွန် ရယ်ရယ်မောမော စကားပြောဖြစ်တဲ့အချိန်ရယ် မရှိသလောက်ရှားနေကြပြီမို့။

တချို့လင်မယားကျတော့ တော်တော်ကိုအံ့ဩယူရတယ်။ငွေကြေးလည်းပြေလည်၊ကိုယ်ပိုင်ကား လည်းရှိ၊အချိန်သိပ်မပေါတောင် ၃-၄ရက်မက နားနိုင်တဲ့အခြေအနေလည်းရှိ။ပြောရရင် ခရီးထွက်ဖို့ရာအခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပါလျက် ခရီးထွက်သင့်တယ်ဆိုတဲ့ အသိမရှိခြင်းကြောင့်ခရီးမထွက်ကြတာ၊ သူတို့နဲ့ နေရာချင်းစာ လဲချင်တော့တယ်။ထားတော့။

ကိုယ်တွေ လူလတ်တန်းစားဘဝများစွာက တစ်နှစ်ကိုနှစ်ခေါက် အပန်းဖြေခရီးထွက်နိုင်ဖို့က တော်တော်ကြိုးစားရတယ်။အပန်းဖြေခရီးဆိုတာက စိတ်လွတ်ကိုယ်လွတ် စိတ်ကူးတည့်ရာ သုံးမှ ပိုအပန်းပြေလေတော့ ငွေကြေးအတွက်ခေါင်းထဲထည့်ရတယ်။ပြီးတော့ အချိန်ကလည်းရှိဦးမှ။လင်နဲ့မယား တစ်နှစ်မှာ နှစ်ခါ တစ်ပြိုင်နက်ခွင့်ရဖို့ကမလွယ်။

ကျနော့်အတွက်ဆို တစ်နှစ်၂ကြိမ် သိပ်ငွေမကုန်တဲ့ခရီးမျိုးသွားနိုင်ပေမဲ့ အချိန်မပေးနိုင်တာကြောင့် တစ်နှစ်တစ်ကြိမ်သာ မရမက မိသားစုလိုက်ခရီးထွက်ရတယ်။ကိုယ့်ဘာသာတစ်ဦးတည်းကတော့ တစ်နှစ်ကို ခရီးနှစ်ခါ။ကိုယ့်ဘာသာထွက်တဲ့ခရီးက သင်္ကြန်ဆို ဇာတိရွာ ပြန်တာ။

မိသားစုက ကျနော့်ဇာတိရွာခရီး အနည်းဆုံး၅ရက်တောင်ကြာတာမို့ မလိုက်ချင်ကြ။ကိုယ်ကတော့ ကိုယ့်ဇာတိမို့ သင်္ကြန်ဆို မသွားရမနေနိုင်။မသွားခင်ကတည်းက ရင်ခုန်။ဇာတိမြေရောက်တော့လည်း ဆွေမျိုး တွေကြား အလကားနေရင်းပျော်နေ။မိန်းမနဲ့သားကျတော့ သူတို့ရပ်ရွာမဟုတ်တော့ ပျင်းတာမို့ မလိုက်ချင်ကြ၊ ထားတော့။

ကိုဗစ်တွေမသည်းထန်ခင် မိသားစုနောက်ဆုံးထွက်ခဲ့တဲ့ ခရီးကို ချောင်းသာ။ကမ်းခြေအပန်းဖြေခရီးကို မိသားစုလိုက် တစ်ခါမှ မထွက်ခဲ့ဖူးတာကြောင့်ရော၊သားကလည်း ပင်လယ်ကို သိပ်မြင်ဖူးချင်နေတဲ့ ၆တန်း အရွယ်ဖြစ်နေတာကြောင့်ရော ကိုယ်ထိတွေ့ခဲ့ဖူးတဲ့ချောင်းသာကို ရွေးလိုက်ကြတယ်။မိန်းမကလည်း သူတက္ကသိုလ်ကျောင်းသူဘဝက ချောင်းသာကိုတစ်ခေါက်ရောက်ဖူးလေတော့ မစိမ်း။

ချောင်းသာကိုသွားကြမယ်ဆိုတော့ ၃ပတ်လောက်ကြိုခွင့်ယူရတယ်။ရုံးပိတ်ရက်ဆို ကမ်းခြေဟိုတယ် တွေက ဈေးကြီးလေတော့ ကြားရက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။တလောကမှ သွားခဲ့သူတွေ ဘယ်သူရှိမလဲ စုံ စမ်းကြည့်၊လူလတ်တန်းစားအဆင့်တည်းနိုင်မယ့်ဟိုတယ်တွေကို စုံစမ်းကြည့်။မိသားစု ၃ယောက်ခန်း တစ်ရက် ရှစ်သောင်းဆိုလား။ကြိုတင်စရန်ငွေကို သိမ်ကြီးဈေးနားမှာ သွားချေရတယ်။ပြီးတော့ နှစ်ညအိပ်၊၃ရက်ခရီးစဉ်အတွက် ချောင်းသာ-ရန်ကုန် ကားတွေရှိတယ်တဲ့။ကမ်းခြေခရီးတွေက များသောအားဖြင့် ၂ညအိပ်၃ရက် ခရီးသွားတွေများတာမို့ ကားတွေကလည်း အဲဒီလို အသွားအပြန်တစ်ခါတည်း ပတ်ကေ့ချ်။ကားလက်မှတ်က ဝယ်လိုက်တာနဲ့ အသွားအပြန်စာတစ်ခါတည်းအပြတ်။အသွားတစ်ကြောင်းပဲ ဝယ်လို့မရတဲ့ ကားမျိုး။

ကားက ညကား၊ ည၁၀နာရီလောက်ထင်တယ်။ကိုယ့်နေရာနဲ့အနီးဆုံး အင်းစိန်လမ်းမပေါ်က ဘူတာရုံလမ်းမှတ်တိုင်မှာ စောင့်ရတယ်။သားက လောနေတာမို့ ၉နာရီမခွဲခင်ကတည်းက ဘူတာရုံးလမ်းကိုရောက် နှင့်။လက်ဖက်ရည်ဆိုင်ထိုင် စောင့်မလို့စဉ်းစားထားပေမဲ့ သားတော်မောင်က လက်မခံ။သူက လက်ဖက်ရည် ဆိုင်ထိုင်ဖို့အာရုံမလာတာမို့ လမ်းဘေးမှာရပ်လိုက် မျှော်လိုက်။

၉နာရီခွဲလာတော့ ချောင်းသာ၊ငွေဆောင်သွားမယ့်ခရီးသည်တင်ကားတွေနဲ့ဘုရားဖူးကားတွေ ဖြတ်လာတာ မြင်ရပြီ။ကိုယ့်အနီးဝန်းကျင် အထုပ်အပိုးတွေ လန်းဆန်းနေတဲ့မျက်နှာတွေနဲ့ ကိုယ်လိုခရီး ထွက်မယ့် ရယ်သံလွင်လွင်လေးတွေနဲ့ ကားစောင့်နေသူတွေကိုလည်းမြင်နေရပြီ။

၉နာရီ၄၅ လောက်မှာ ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တော့ ကိုယ်စီးမယ့်ကားက လှမ်းချိတ်တာ။ နောက် ၁၀မိနစ်လောက်ဆို ဘူတာရုံလမ်းထိပ်ရောက်တော့မှာမို့ အဆင်သင့်ပြင်ထားဖို့။သတ်မှတ်နေရာ မ ရောက်သေးဘူးဆိုလည်း မြန်မြန်လာဖို့။ဝန်ဆောင်မှုက အဲဒီလိုကောင်းနေတော့ ကားမစီးခင်ကတည်းက စိတ်ချမ်းသာရတယ်။ပြီးတော့ မကြာပါဘူး၊စီးချင်စဖွယ် အပေါ်ယံအပြင်အဆင်နဲ့ကားထိုး ဆိုက်လာ။ကား ပေါ်ရောက်တော့လည်း အတွင်းပိုင်းအပြင်အဆင်က စီးချင်စရာပါပဲ။သားနဲ့မယားက ကိုယ့်ရှေ့နှစ်ခုံတွဲမှာ။

စိတ်ချလက်ချလည်းဖြစ်သွားပြီမို့ ဖတ်မလို့ အဆင်သင့်ဆောင်ထားတဲ့ စာအုပ်ကိုလှန်လိုက်၊မီးရောင် ပြိုးပြက်နေတဲ့ရန်ကုန်ကိုငေးလိုက်နဲ့ လှိုင်သာယာကို တော်တော်ကျော်လာတော့ ငိုက်ကျသွားတယ်။ကားပေါ် အိပ်ရတာအဆင်မပြေပေမဲ့ ကားပေါ်အိပ်လိုက်နိုးလိုက်အိပ်ချင်ပြေကော်ဖီငုံလိုက်နဲ့ ကားက သိပ်မြန်မြန်မ မောင်းဘူးဆိုတော့ စိတ်ချလက်ချ ည၁၂နာရီကျော်ပြီးနောက် ပစ္စက္ခ ကမ္ဘာကြီးကနေ လွတ်သွားတယ်။

တော်တော်ကြာ အိပ်ပျော်ပြီးနောက် စပီကာသံ ထွက်ပေါ်လာ၊ကားခဏနား၊ဗိုက်နည်းနည်းဖြည့်၊အပေါ့အပါးသွား နာရီဝက်နားကြမယ်တဲ့။စပီကာသံနဲ့အတူ ကားအတွင်း မီးတွေလည်းပွင့်လာတယ်။ပြီးတော့ မကြာပါဘူး။အမှောင်ကမ္ဘာကြီးထဲ ကွက်ကွက်ကလေး စူးရဲနေတဲ့ ဆိုင်ကြီးတစ်ဆိုင်ရှေ့ရောက်ရှိ။

အပေါ့အပါးသွား၊ပေါ့ပေါ့ပါးပါး တစ်ခုခုစား။ဒီလို လမ်းခရီးစားသောက်ဆိုင်တွေမှာ စားကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားပြီးသားမို့ နည်းနည်းအဆာပြေရင်ပြီးရော။ကော်ဖီကိုတော့ ခပ်ပြင်းပြင်း နက်စ်တစ် ဗူး ဝယ်မော့ချ။လူက လန်းသလိုလိုဖြစ်သွားပေမဲ့ ကားထွက်တော့လည်း ငိုက်တာပါပဲ။

ည ၄နာရီကျော်လောက် ရှိမယ်ထင်တယ်။မိန်းမက လှမ်းနှိုး၊ တောင်ပေါ်တက်နေပြီ၊ သိပ်မလိုတော့ဘူး ဆိုမှ နိုးလာတယ်။ သားကတော့ အိပ်လို့ကောင်းနေတုန်းပဲ။ကားက တောင်ပေါ်တက်ပြီဆိုတော့ ပိုနှေးသွား တယ်။ဒါက ကောင်းသောနှေးခြင်းမို့ အိုကေ။သတင်းစာတွေဂျာနယ်တွေထဲ ကားမှောက်တဲ့သတင်းတွေ မကြာခဏ ဖတ်နေရတာမို့ နှေးလေကြိုက်လေ ကားဆရာရေလို့ ဝမ်းသာအားရ အော်ပြောလိုက်ချင်သေး။

တောင်တက်တာ နာရီဝက်လောက်တောင် ကြာမယ်ထင်မိတယ်။တောင်ပေါ်က ဆင်းပြီဆိုတော့ ကားအတွင်းမီးပွင့်လာတာနဲ့အတူ ချောင်းသာကမ်းခြေကနေ ကြိုဆိုကြောင်း ကားစပယ်ယာရဲ့အသံကြောင့် တစ်ကားလုံး လှုပ်လှုပ်ရွရွဖြစ်လာတယ်။

ပြီးတော့ ဟိုတယ်နာမည်ခေါ်၊ကိုယ့်ဟိုတယ်ရှေ့ကိုယ်ဆင်း။တည်းခိုခန်းတွေဆိုလည်း နာမည်သာ ပြောလိုက်။ကားဆရာက အနီးဆုံးဆင်းရမယ့်နေရာ ပြောလိမ့်မယ်။ကျနော်တို့တည်းမယ့်ဟိုတယ်ရောက်ပြီ ဆိုတော့ တစ်ဟိုတယ်တည်း တည်းကြမယ့် ၁၀ယောက်လောက် ဆင်းလာတယ်။

ဘင်္ဂလားပင်လယ်အော်ကြီးကတော့ အမှောင်ထဲ နစ်နေဆဲမို့ မမြင်ရ။ချောင်းသာကမ်းခြေမှာ ခြေချလိုက်ကြပေမဲ့ ဘယ်မလဲ ချောင်းသာလို့ မေးခွန်းထုတ်နေရတယ်။

ငြိမ်းဆက်