【 ပြည်တွင်း 】အိမ်သုံးဆေးဝါးတွေ ပြည်ပကနေအဝင်နည်းလို့ ရောင်းသူ၊ဝယ်သူ တက်စျေးနဲ့လမ်းပျောက်နေ လို့ဆို

【 ပြည်တွင်း 】အိမ်သုံးဆေးဝါးတွေ ပြည်ပကနေအဝင်နည်းလို့ ရောင်းသူ၊ဝယ်သူ တက်စျေးနဲ့လမ်းပျောက်နေ လို့ဆို

လက်ရှိ ပြည်တွင်း ဝယ်လိုအားမြင့်နေတဲ့ အိမ်သုံးဆေးဝါးတွေကို ဆေးဆိုင်အများစုက အကန့်အသတ်နဲ့ ရောင်းချနေကြရပြီး ပြည်ပကနေ ဆေးဝါးအဝင်နည်းနေတဲ့အတွက်လည်း စျေးနှုန်းတွေ အဆမတန် မြင့်တက်တဲ့အတွက် ရောင်းချသူရော၊ ဝယ်သူရော တက်စျေးနဲ့လမ်းပျောက်နေတယ်လို့ ရန်ကုန်မြို့တွင်း ဆေးဆိုင်တွေကနေ သိရပါတယ်။
 
“ နေ့တိုင်းကို စျေးအကျမရှိဘူး။ စျေးအတက်ပဲ။ ကျွန်မတို့တောင် စျေးနှုန်းအလျင်မီအောင် လိုက်ကြည့်နေရတယ်။ အခုက ရောင်းသူရော၊ ဝယ်သူရော တက်စျေးနဲ့ လမ်းပျောက်နေပြီ။ ဘယ်လိုမှ လုပ်လို့မရဘူး။ စျေးကတော့ အကုန်တက်တယ်။ အသုံးများတဲ့ ဆေးမျိုးတွေ၊ မဖြစ်မနေသုံးစွဲနေရတဲ့ ဆီးချို၊ နှလုံးဆေးတွေ၊ ပိုးသတ်ဆေးတွေကတော့ စျေးပိုတက်တာပေါ့ ။ လက်ကားဆိုင်တွေကနေ လိုသလောက်မရဘူး။ တချို့ဆေးတွေဆိုရင် အကန့်အသတ် ခွဲတမ်းနဲ့ ဝယ်ရတယ်။ ရောင်းရင်လည်း အမြတ်ရတယ်မထင်နဲ့။ အခု ဆေးဆိုင်တွေကလည်း များလာတော့ အပြိုင်အဆိုင် ဖြစ်လာတယ်လေ။ အဲ့ဒီတော့ စျေးက တက်လို့မရဘူး။ အမြတ်က ၅ ရာခိုင်နှုန်းလောက်ပဲ ရတာ။ ဝယ်သူတွေ ခက်ခဲသလို ကျွန်မတို့လည်း ခက်ခဲတယ်။ ရင်းနှီးထားတာများလွန်းလို့ မဖြစ်သာလို့သာ ရောင်းနေရတာ။”လို့ လှိုင်မြို့နယ်ရှိ ဆေးဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
 
လူသုံးများတဲ့ ကိုက်ခဲပျောက်ဆေးမှာ ယခင်က တစ်ကဒ် ၃၀၀ ကနေ ၅၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် ၈၀၀၊ ၉၀၀ ကျပ်လောက်အထိ ဖြစ်နေပါတယ်။
 
“ဒီရက်ပိုင်း စျေးပိုတက်လာတယ်။ သတင်းတွေက အမျိုးမျိုးထွက်နေတော့လေ။ ဒေါ်လာစျေးအကန့်အသတ်နဲ့ ဆိုတော့ ပြည်ပက တင်သွင်းတာ ရပ်တော့ မလိုလို၊ စက်ရုံတွေကပဲ ရပ်တော့ မလိုလိုနဲ့ သတင်းတွေ ကြားနေရတာ။ အဲ့ဒါကြောင့် မဖြစ်မနေသုံးနေရတဲ့ ဆေးတွေဆိုရင် ပိုအဝယ်များလာတယ်။ ဝယ်စုနေကြတဲ့ သဘောပေါ့။ စျေးကွက်သဘောကတော့ ဝယ်လိုအားများရင် စျေးကတော့ ပိုတက်လာမှာပဲ။ ”လို့ ကျောက်တံတား မြို့နယ်က ဆေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောပါတယ်။
 
လီလီ

ရန်ကုန်၊ ဇူလိုင် ၁၉