【 ပြည်တွင်း 】 ထိုင်း-မြန်မာ နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေချိန် မဲဆောက်မြို့တွင် လုံခြုံရေးတင်းကျပ်ထားဟု ဆို

【 ပြည်တွင်း 】 ထိုင်း-မြန်မာ နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေချိန် မဲဆောက်မြို့တွင် လုံခြုံရေးတင်းကျပ်ထားဟု ဆို

ရန်ကုန်၊ သြဂုတ် - ၁၆

ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရတယ်လို့ ထိုင်းရောက် မြန်မာတွေထံမှ သိရပါတယ်။

ယမန်နေ့ သြဂုတ်လ ၁၅ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ သြဂုတ်လ ၁၆ ရက် မနက်ကစ၍ မဲဆောက်မြို့တွင် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်ပြီး  မဲဆောက်မြို့အခြေစိုက် အမှတ် (၃၄၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် အထူးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ဟာ နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း၊ ပတ်ကင်းများ ပြုလုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြဝတီမြို့နယ်အတွင်းက သိမ်းပိုက်ခံထားသော လက်ခတ်တောင်ကို သြဂုတ် ၁၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဘက်က အပြင်းအထန်ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

“မြဝတီဘက်မှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ဒီထက်ပိုပြင်းထန်လာမှာကို စိုးရိမ်လို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရှိတဲ့သူတွေဆိုရင်လည်း ထိုင်းဘက်ခြမ်း၊ မဲဆောက်မြို့ကို တိမ်းရှောင်လာတာတွေရှိတယ်” လို့ မဲဆောက်ရှိ မြန်မာတစ်ဦးက ပြောပါတယ်။

ယမန်နေ့က မြဝတီမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပေါက်ကွဲသံများကို ထိုင်းဘက်ခြမ်း၊ မဲဆောက်မြို့မှပင် ကြားခဲ့ရပြီး ယနေ့မနက်ပိုင်းကစတင်၍ မဲဆောက်ဘက်ခြမ်းမှာ လုံခြုံရေးတင်းကျပ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်ခွင့် အထောက်အထားများ မပြည့်စုံပါက အသွားအလာသတိပြုဖို့ အချင်းချင်းသတိပေးတာတွေရှိနေတယ်လို့ သိရပါတယ်။

အောင်အောင်
Photo - Google Maps