【 ပြည်တွင်း 】 ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ် ၁၆ ခုမှာ လူ ၅၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့

【 ပြည်တွင်း 】 ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ် ၁၆ ခုမှာ လူ ၅၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့

 

ရန်ကုန်၊ သြဂုတ် - ၁၇

မုတ်သုံမိုးကြီးပြီး မြစ်ချောင်းတွေ ရေလျှံတာကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသက ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ် ၁၆ ခုမှာ ရေဘေးသင့်သူဦးရေ အနည်းဆုံး ခန့်မှန်းခြေ ၅၀,၀၀၀ ရှိခဲ့တယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစပြီး ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရေဘေးအန္တရာယ် ကြုံခဲ့ရတာဖြစ်ပါတယ်။

ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီအတွင်းက မြို့နယ် ၁၆ ခုမှာ ရေဘေးသင့်သူဦးရေ အနည်းဆုံး ခန့်မှန်းခြေ ၅၀,၀၀၀ ရှိခဲ့ရာ သြဂုတ်လ ၁၀ ရက်နေ့အထိ လူဦးရေ ၃၀,၀၀၀ ကျော်ကို ရေဘေးလွတ်ရာ ယာယီစခန်းတွေဆီ ပို့ဆောင်ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ရခိုင်ပြည်နယ်မှာလည်း သြဂုတ်လ ၇ ရက်နဲ့ ၈ ရက်က ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မောင်တောနဲ့ တောင်ကုတ်မြို့နယ်တွေအပါအဝင် မြို့နယ်တချို့မှာ ရေကြီးရေလျှံခဲ့တဲ့အတွက် ရေဘေးသင့်သူတွေဟာ ဘေးကင်းရာဆီ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ကနဦးအချက်အလက်တွေအရ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းတွေက ယာယီအိမ်ခြေ ၄၀၀ လောက် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးကြီးတာကြောင့် သြဂုတ်လ ၉ ရက်နေ့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး၊ အိမ်ခြေတစ်လုံး ပျက်စီးခဲ့သလို နမ့်ခမ်းမြို့နယ်မှာ မြေပြိုရာက ကျေးရွာချင်းဆက်တံတားနှစ်စင်း ပျက်စီးခဲ့တာကြောင့် သွားလာရေး ယာယီပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်က စပါးနဲ့သီးနှံစိုက်ခင်းများစွာ ရေလွှမ်းပြီး ပျက်စီးတယ်လို့ ထုတ်ပြန်ထားပါတယ်။  

ဒါကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရေဘေးအခြေအနေကို မပြတ်စောင့်ကြည့်နေပြီး၊ ရေဘေးသင့်ရာဒေသတွေက အကူအညီအလိုအပ်ဆုံးသူတွေကို အကူအညီတွေပေးနေတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

အောင်အောင်