【 ပြည်တွင်း 】 မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်အမယ် ၅ မျိုးကို တင်ပို့ခွင့် တားမြစ်

【 ပြည်တွင်း 】 မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်အမယ် ၅ မျိုးကို တင်ပို့ခွင့် တားမြစ်

 

ရန်ကုန်၊ စက်တင်ဘာ - ၇

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းဆိပ်ကမ်း) မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်အမယ် ၅ မျိုးကို တင်ပို့ခွင့်မပြုတော့ဘူးလို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

တားမြစ်ထားတဲ့ ပို့ကုန်အမယ် ၅ မျိုးကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ) ဆိပ်ကမ်းတစ်ခုတည်းကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

မောင်တောနယ်စပ်ကနေ တင်ပို့ခွင့် တားမြစ်ခံရတဲ့ ပို့ကုန်အမယ်တွေထဲမှာ လယ်ယာထွက်ကုန်နှင့် စိုက်ပျိုးထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံနဲ့ ကြက်သွန်နီတို့ ပါဝင်ပြီး ရေထွက်ကုန်အမျိုးအစား ရေချို၊ ရေငံငါးမျိုးစုံတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတွေကို ရခိုင်ပြည်နယ်အတွင်းက စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံဆိပ်ကမ်း) နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းဆိပ်ကမ်း) တို့မှ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုန်သွယ်မှုလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့၊ တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်၍ အဆိုပါပို့ကုန်အမယ် ၅မျိုးကို စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် သတ်မှတ်ခြင်းဖြစ်ပြီး ယင်းသတ်မှတ်ချက်ကို စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်မယ်လို့ ဆိုပါတယ်။

ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်းဆိပ်ကမ်း) မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်းဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး  စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံဆိပ်ကမ်း) မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းဖိုး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

အောင်အောင်