【 ပြည်တွင်း 】 အမြန်လမ်းမှာ ၈ လအတွင်း ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၆၀ ကျော် သေဆုံး

【 ပြည်တွင်း 】 အမြန်လမ်းမှာ ၈ လအတွင်း ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၆၀ ကျော် သေဆုံး

 

ရန်ကုန်၊ စက်တင်ဘာ - ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယခုနှစ် ၈ လတာ ကာလအတွင်း ယာဉ်မတော်တဆမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူ ၆၃ ဦးအထိ သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ  သြဂုတ်လ ၃၁ ရက်အထိ ၈ လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ၁၁၀ ကျော် ဖြစ်ပွားခဲ့ကာ လူ ၆၃ ဦးအထိ သေဆုံးခဲ့ပြီး၊ ၂၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။  

ဒါကြောင့် တစ်လလျှင် ပျမ်းမျှ ယာဉ်မတော်တဆမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၁ လချင်း ပျှမ်းမျှ လူသေဆုံးမှုအနေနဲ့က ၈ ယောက်အထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့ရသူများထဲတွင် အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၂၂ ဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှု ၁၆၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ဦးအထိရှိခဲ့တာကြောင့် ယခုနှစ် ၈ လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဟာ ယခင်နှစ်ထက် ပိုများလာကြောင်း မှတ်တမ်းများအရ သိရပါတယ်။

အောင်အောင်