【 ပြည်တွင်း 】 အရပ်သားအအောက်အအုံ ၇ သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း (UNOCHA) ထုတ်ပြန်

【 ပြည်တွင်း 】 အရပ်သားအအောက်အအုံ ၇ သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း (UNOCHA) ထုတ်ပြန်

 

ရန်ကုန်၊ စက်တင်ဘာ - ၉

၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ယနေ့အထိ မြန်မာနိုင်ငံထဲက အရပ်သားတွေပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံ ၇ သောင်းခွဲခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖြစ်ပွားဆဲ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကာ မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ဟာလည်း ယနေ့အချိန်အထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ဒီထဲမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းအခြေအနေတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၆ သန်းကျော်အထိရှိလာနေတယ်လို့ ဆိုပါတယ်။  

အဆိုပါနေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် လူမှုဘဝကယ်ဆယ်ရေးအကူအညီများလည်း လိုအပ်လျက်ရှိတယ်လို့ (UNOCHA) က ဆိုပါတယ်။

မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရေကြီးရေလျှံခဲ့ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လူပေါင်း ၈၀,၀၀၀ ကျော် ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရတယ်လို့လည်း (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များ ခွင့်ပြုချက်ရရှိပြီးဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းအချို့ကို ဖြန့်ဝေထားပြီးဖြစ်သော်လည်း မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများပိုမိုပေးသွားရန် လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၏ ၈ လတာကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်း တုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောင်အောင်