
【နိုင်ငံတကာ】ရှီကျင့်ဖျင်တင်ပြတဲ့ အာရှပစိဖိတ်ဖွံ့ဖြိုးတိုးတက်မှု “ရွှေရောင်နှစ်သုံးဆယ်” ထပ်မံဖန်တီးရန်အစီအစဉ်
အနာဂတ်တွင် အာရှပစိဖိတ်သည် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှု “ရွှေရောင်နှစ်သုံးဆယ်” ကို မည်ကဲ့သို့ဖော်ဆောင်မည်နည်းကို တရုတ်နိုင်ငံအကြီးအကဲ ရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားရာတွင် အစီအစဉ်တင်ပြခဲ့ပြီး အဓိကအချက်မှာ တံခါးဖွင့် ပူးပေါင်း ဆောင်ရွက်မှုကို လက်ကိုင်စွဲ၍ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်ခြင်းပင်ဖြစ်ကြောင်း China Media Group သတင်းဌာနက သတင်းဆောင်းပါးဖြင့် ဖော်ပြခဲ့ပါတယ်။

သတင်းဆောင်းပါးတွင် ယခုအကြိမ်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် “ဆန်ဖရန်စစ္စကိုကြေညာချက်” တွင် နှစ်ပေါင်းသုံးဆယ်အတွင်း ဘက်အသီးသီးသည် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအသင်း (APEC) ၏ ရည်မှန်းချက်ကို ခိုင်မာစွာဆက်လက်ဖော်ဆောင်ပြီး ဒေသတွင်းအား တစ်ကမ္ဘာလုံးတိုးတက်မှု၏ ရှေ့ပြေးဖြစ်လာစေကြောင်း ဆိုထားသည်။ အဆိုပါရည်မှန်းချက်နှင့် မူရင်းစိတ်သည် တူညီမှု များရှာဖွေ၍ မတူညီမှုများထိန်းသိမ်းထားကာ တံခါးဖွင့်၍ အားလုံးပါဝင်သော ပူးပေါင်း ဆောင်ရွက်မှု သဘောတရားကို အရင်းခံ၍ အခင်းအကျင်း မည်ကဲ့သို့ ပြောင်းလဲစေကာမူ ဖွံ့ဖြိုးတိုးတက်မှုကိုသာ အာရုံစိုက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ အချက်ကို လုပ်ဆောင်နိုင်ခြင်းသည်မလွယ်ကူလှဘဲ ပြင်ပပတ်ဝန်းကျင်သည် ခန့်မှန်းရန်ခက်ခဲခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေမတူညီခြင်းကြောင့် သဘောထားကွဲလွဲမှုများလည်းမနည်းကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
လွန်ခဲ့သည့်သုံးနှစ်အတွင်း ကပ်ရောဂါသည် နိုင်ငံအသီးသီးပြည်သူများလူနေမှုဘဝအပေါ် ကြီးမားသည့်ထိုးနှက်မှုဖြစ်စေခဲ့ပြီး ကမ္ဘာပေါ်ရှိ အချို့သောဒေသများ၌ စစ်မီးများမပြတ်ဖြစ်ခဲ့ပြီး “ဒဏ်ခတ်အရေးယူခြင်း” “အချိတ်အဆက်ဖြတ်တောက်ခြင်း” တို့သည် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း ၊ ထိုအတွက်ကြောင့် ရှီကျင့်ဖျင်က အရေးပါသော နိုင်ငံတကာ အခမ်းအနားအမျိုးမျိုး၌ တံခါးဖွင့်မှုပုံစံ ကမ္ဘာ့စီးပွားရေးတည်ဆောက်၍ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ကာ ဖွံ့ဖြိုးတိုးတက်မှုအရေးကိစ္စကို နိုင်ငံတကာ လုပ်ငန်းစဉ်၏ အဓိကနေရာသို့ ပြန်လည်ရောက်ရှိစေရမည်ဟု အကြိမ်ကြိမ်အခါအခါ တိုက်တွန်း ခဲ့ကြောင်း ဖော်ပြထားပါတယ်။

နောက်ထပ် “ရွှေရောင်နှစ်သုံးဆယ်” တွင် မည်ကဲ့သို့ဖော်ဆောင်မည်နည်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်က အမှာစကားပြောကြားရာတွင် အကြံပြုချက်လေးချက်ဖော်ပြခဲ့ပြီး ၎င်းတို့မှာ ဆန်းသစ်တီထွင်မောင်းနှင်မှုအား လက်ကိုင်စွဲထားခြင်း၊ တံခါးဖွင့်မှုလမ်းညွှန်ချက်အား လက်ကိုင်စွဲထားခြင်း၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား လက်ကိုင်စွဲထားခြင်း၊ ယေဘုယျအကျိုးဖြစ်၍ အတူမျှဝေမှုအား လက်ကိုင်စွဲထားခြင်း တို့ပင်ဖြစ်ကြောင်း၊ ၎င်းလေးချက်မှာ တံခါးဖွင့်၍ ပူးပေါင်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်မှု အတူ ဖော်ဆောင်သည့် သဘောတရားအား အရင်းခံထားခြင်းပင်ဖြစ်ကြောင်းဆိုပါတယ်။
တံခါးဖွင့်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်သည့်အပိုင်းတွင် တရုတ်နိုင်ငံသည် အားပေးသည့် ဦးဆောင်အလံဝှေ့ယမ်းသူဖြစ်သည်သာမက လှုပ်ရှားသူလည်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် ရှီကျင့်ဖျင်ကိုယ်တိုင် နေရာချထား၍ နှစ်စဉ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကျင်းပရန် တိုက်ရိုက်တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း ၊ရှီကျင့်ဖျင်ဖော်ပြသည့် “Belt and Road” အတူတကွတည်ဆောက်ခြင်း အဆိုပြုချက်သည် ဆယ်နှစ်တာအတွင်း ပူးပေါင်းဆောင်ရွက်မှုရလဒ်များစွာရရှိခဲ့ပြီး တစ်ကမ္ဘာလုံးကို အကျိုးပြုသော အဖွဲ့ဝင် နိုင်ငံ အသီးသီး ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုသည့် နိုင်ငံတကာ Public Goods ဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ရှီကျင့်ဖျင်၏အစီအစဉ်တွင် အတူတကွဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ခြင်း၏ အခြေခံ အရောင်မှာ ဆန်းသစ်တီထွင်ခြင်း၊ အစိမ်းရောင်ဖြစ်ခြင်းပင်ဖြစ်သည်။ ယင်းသည် လက်ရှိကမ္ဘာ့စီးပွားရေး၊ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အလားအလာဖြစ်ပြီး သန့်ရှင်း၍ သာယာလှပသော အာရှပစိဖိတ်ဒေသ အတူတကွ တည်ဆောက်ခြင်း၏ ဖြေရှင်းရာ လမ်းကြောင်းလည်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ယူဆသည်ဟု အဆိုပါဆောင်းပါးတွင် ဖော်ပြခဲ့သည်ကိုတွေ့ရပါတယ်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၀