【 နိုင်ငံတကာ 】 ဂါဇာကိစ္စ အာရပ်နှင့် အစ္စလာမ်မစ် နိုင်ငံများ၏ သံတမန်ရေး အားထုတ်မှု တရုတ်ထောက်ခံ

【 နိုင်ငံတကာ 】 ဂါဇာကိစ္စ အာရပ်နှင့် အစ္စလာမ်မစ် နိုင်ငံများ၏ သံတမန်ရေး အားထုတ်မှု တရုတ်ထောက်ခံ

ပေကျင်း၊ နိုဝင်ဘာ - ၂၁

လက်ရှိဖြစ်ပွားနေသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ဖြေရှင်းရန် အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများ၏ သံတမန်ရေး အားထုတ်မှုကို တရုတ်က ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သော ဝမ်က ပေကျင်းတွင် အာရပ်နှင့် အစ္စလာမ်မစ် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် ကိုယ်စားလှယ်များကို တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှားနှင့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ပါဝင်သော ကိုယ်စားလှယ်များသည် တရုတ်သို့ ၂ ရက်ကြာ ခရီးသွားရောက်နေပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှ အရာရှိများကို တွေ့ဆုံမည့် ထိုကိုယ်စားလှယ်များသည် ပါလက်စတိုင်းနှင့် အစ္စရေးအကြား တိုက်ခိုက်မှု အဆုံးသတ်ရန် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့ပါတယ်။

ထိုသို့လာရောက်ခြင်းသည် တရုတ်နိုင်ငံအပေါ် ယုံကြည်မှုကိုပြသပြီး နှစ်ဘက်အကြား အပြန်အလှန်နားလည်မှုနှင့် ထောက်ခံမှု အစဉ်အလာကို ပြသသည်ဟု ဝမ်က ပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ အာရပ်နဲ့ အစ္စလာမ္မစ်နိုင်ငံတွေအတွက် မိတ်ဆွေကောင်းနဲ့ ညီအကိုဖြစ်တယ်” ဟု သူကပြောခဲ့ပါတယ်။

တနင်္လာနေ့သည် တရုတ်နှင့် ပါလက်စတိုင်းအကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၃၅ နှစ်ပြည့်သောနေ့ဖြစ်ကြောင်း ပြောကြားပြီး ဝမ်က တရုတ်သည် ထိုပဋိပက္ခတွင် မျှတမှုနှင့် တရားမျှတမှုဘက်က ရပ်တည်ပြီး တင်းမာမှုလျှော့ချရေး၊ အရပ်သားများကို ကာကွယ်ရေး၊ လူသားချင်းစာနာမှု အားထုတ်မှုများ၊ နိုင်ငံ ၂ ခုအဖြေနှင့် ပါလက်စတိုင်းပြဿနာ အမြန်ဆုံးဖြေရှင်း‌ရေးကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG