【 နိုင်ငံတကာ 】 တောင်ပင်လယ်ရေးရာတွင် ဖိလစ်ပိုင်က ကတိပြုချက်များကို ဖောက်ဖျက်ပြီး ကျူးကျော်ရန်စမှုများ ပြုလုပ်သည့် အဖြစ်မှန်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖော်ထုတ်

【 နိုင်ငံတကာ 】 တောင်ပင်လယ်ရေးရာတွင် ဖိလစ်ပိုင်က ကတိပြုချက်များကို ဖောက်ဖျက်ပြီး ကျူးကျော်ရန်စမှုများ ပြုလုပ်သည့် အဖြစ်မှန်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖော်ထုတ်

ပေကျင်း၊ ဧပြီ - ၂

မကြာမီရက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံမှ တောင်ပင်လယ်ဆိုင်ရာ မဟုတ်မမှန်ပြောဆိုချက်များကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံအား အကြိမ်ကြိမ် အကြောင်းမဲ့ပြစ်တင် ဝေဖန်ခဲ့ခြင်း၏ ရည်ရွယ်ချက်သည် တောင်ပင်လယ်ရေးရာတွင် ၎င်း၏ ကတိပြုချက်များကို ဖောက်ဖျက်ပြီး ကျူးကျော်ရန်စမှုများ ပြုလုပ်သည့် အဖြစ်မှန်များကို ဖုံးကွယ်ရန်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေနှင့် ကျူးကျော်ရန်စမှု လုပ်ရပ်များကို အမြန်ဆုံးရပ်ဆိုင်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေးရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်း ဧပြီလ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဝမ်ဝင်ပင်က ဖိလစ်ပိုင်သည် Ren'ai ကျောက်တန်းရေးရာတွင် တရုတ်နိုင်ငံအား ကတိပြုချက်ကို ဖောက်ဖျက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် Ren'ai ကျောက်တန်းပေါ်တွင် တရားမဝင် သောင်တင်နေသည့် စစ်သင်္ဘောကို ဆွဲသွားမည်ဟု တည်ကြည်လေးနက်စွာ ကတိပြုခဲ့သော်လည်း ၂၅ နှစ်ကြာ ကုန်လွန်ခဲ့သည့်တိုင်အောင် ဖိလစ်ပိုင်၏ စစ်သင်္ဘောသည် Ren'ai ကျောက်တန်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဖိလစ်ပိုင်သည် တရုတ်နှင့် ဖိလစ်ပိုင်တို့ ရရှိခဲ့သည့် Ren'ai ကျောက်တန်း အခြေအနေကို သင့်လျော်စွာ ထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးတွဲချုပ်ဆိုခဲ့သည့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းတို့ကို ဖောက်ဖျက်ခဲ့ကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။