【 နိုင်ငံတကာ 】 နျူကလီးယားလက်နက် မရှိသော နိုင်ငံများကို နျူကလီးယားလက်နက် ခြိမ်းခြောက်မှုမှ ကာကွယ်ပေးရန် တရုတ်တောင်းဆို

【 နိုင်ငံတကာ 】 နျူကလီးယားလက်နက် မရှိသော နိုင်ငံများကို နျူကလီးယားလက်နက် ခြိမ်းခြောက်မှုမှ ကာကွယ်ပေးရန် တရုတ်တောင်းဆို

ဂျနီဗာ၊ ဖေဖော်ဝါရီ - ၂၉

နျူကလီးယားလက်နက် မပိုင်ဆိုင်သော နိုင်ငံများကို နျူကလီးယားခြိမ်းခြောက်မှုမှ ကာကွယ်ပေးရန် နိုင်ငံတကာဥပဒေမူဘောင်တစ်ခု ရရှိရေးအတွက် လမ်းပြမြေပုံရေးဆွဲရန် ဂျနီဗာရှိ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေး ညီလာခံတွင် တရုတ်ကိုယ်စားလှယ်ပြောပြီး နျူကလီးယား ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အဓိကအင်အားကြီးနိုင်ငံများက ဥပမာပြလုပ်ဆောင်ရန် အခန်းကဏ္ဍ အရေးပါမှုကို ထောက်ပြခဲ့ပါတယ်။

အင်အားအကြီးမားဆုံး စစ်တပ်ရှိသော နိုင်ငံသည် အကျိုးကျေးဇူးများကို လုံးဝရယူရန် ကြိုးစားနေပြီး နိုင်ငံတကာသဘောတူစာချုပ်များကို အကြိမ်ကြိမ်ချိုးဖောက်ကာ အုပ်စုလိုက် ထိပ်တိုက်တွေ့မှုများကို လှုံ့ဆော်ပြီး သေနင်္ဂဗျူဟာ ချိန်ခွင်လျှာနှင့် တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်နေသောကြောင့် နိုင်ငံတကာအသိုက်အဝန်းသည် လုံခြုံရေးစိန်ခေါ်မှုသစ်များ ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဆွန်ရှောင်ဘိုက အထက်ပါ ကုလသမဂ္ဂအစည်းအဝေးတွင် ပြောခဲ့ပါတယ်။

နျူကလီးယားလုံခြုံရေးနှင့်ပတ်သက်ပြီး ကြီးထွားနေသည့် စိုးရိမ်မှုများနှင့် နျူကလီးယားလက်နက် နိုင်ငံများ၏ တာဝန်ကို ဆွန်က အလေးထားပြောကြားပြီး အကြီးမားဆုံး နျူကလီးယားလက်နက်တိုက်များ ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် လက်နက်ဖျက်သိမ်းရေးတွင် အရေးပါသောအခန်းမှ ဆက်လက်ပါဝင်ပြီး အထူးတာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် တောင်းဆိုခဲ့ပါတယ်။

နျူကလီးယားလက်နက်နိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နျူကလီးယားလက်နက် စတင်အသုံးမပြုရေးအတွက် သဘောတူစာချုပ် ညှိနှိုင်းချုပ်ဆိုပြီး နျူကလီးယားစစ်အန္တရာယ် လျှော့ချခြင်းနှင့် ပိုမိုဘေးကင်းလုံခြုံ တည်ငြိမ်သော နိုင်ငံတကာပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် အရေးပါသည့် ခြေလှမ်းဖြစ်သည့် နိုင်ငံရေးကြေညာချက်တစ်စောင် ထုတ်ပြန်ရန်လည်း သူက အဆိုပြုခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးနှင့် လူမှုစီးပွားတိုးတက်မှု ချိန်ခွင်လျှာညီရေးကို ဆွန် မေးခွန်းထုတ်ပြီး တရုတ်သည် လမ်းခွဲခြင်းကို ဆန့်ကျင်ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အားလုံးပါဝင်ပြီး ခွဲခြားဆက်ဆံမှု မရှိခြင်းကို အခြေခံသည့် နျူကလီးယား မပျံ့ပွားရေးနှင့် ပို့ကုန်ထိန်းချပ်ရေးစနစ် ထူထောင်သင့်ကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ထိုစနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ သိပ္ပံနည်းပညာတိုးတက်မှု အကျိုးကျေးဇူးများကို တန်းတူခံစားရေးအတွက် အာမခံသင့်ကြောင်းလည်း သူကပြောခဲ့ပါတယ်။

ဉာဏ်ရည်တု၊ အာကာသနှင့် အင်တာနက် နယ်ပယ်များတွင် လုံခြုံရေး စိန်ခေါ်မှုသစ်များ ရင်ဆိုင်နေရသောကြောင့် နိုင်ငံတကာအသိုက်အဝန်းသည် နိုင်ငံတကာစည်းမျဉ်း သတ်မှတ်ခြင်းကို အလေးထားသင့်ကြောင်း သူကပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေဖြင့် တရုတ်တွင် စွန့်ပစ်ခဲ့သော ဓာတုလက်နက်များကို လုံးဝဖျက်သိမ်းပြီး ၎င်း၏ နိုင်ငံတကာတာဝန်ကို ဖြည့်ဆည်းသင့်ကြောင်း သူကပြောခဲ့ပါတယ်။ဓာတုလက်နက်များဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်အရ ဂျပန်သည် တရုတ်တွင် စွန့်ပစ်ထားခဲ့သည့် ဓာတုလက်နက်များကို ၂၀၁၂ ခုနှစ်တွင် ပြီးစီးရမည် ဖြစ်သော်လည်း နှောင့်နှေးခဲ့သည်မှာ ၄ ကြိမ်ရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိ တွေ့ရှိပြီး ဂျပန်ဓာတုလက်နက် ၄၀၀,၀၀၀ ခန့်အနက်မှ ၄ ပုံ ၁ ပုံကိုသာ ဖျက်ဆီးရသေးကြောင်းသူက ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG