
【 နိုင်ငံတကာ 】 ယီမင်ရှိ ဟူသီသူပုန်များက ပင်လယ်နီမှာ အိန္ဒိယကုန်တင်သင်္ဘောကို စီးနင်းပြန်ပေးဆွဲခဲ့
တဲလ်အဗစ်၊ နိုဝင်ဘာ - ၂၀
တူရကီနိုင်ငံအတွက် ကုန်တင်ဆောင်သည် အိန္ဒိယကုန်တင်သင်္ဘောတစ်စင်းကို ဟူသီသူပုန်တွေက ပင်လယ်နီမှာ ပြန်ပေးဆွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
တွစ်တာအမည်ပြောင်း X မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ရေးခဲ့တာကတော့ ဒီဖြစ်ရပ်ဟာ “အလွန်စိုးရိမ်ဖွယ် ကမ္ဘာ့အကျိုးဆက်ဖြစ်ရပ်တစ်ခု” လို့ ပြောခဲ့ပါတယ်။
သတင်းဖော်ပြချက်မှာတော့ ဟူသီသူပုန်တွေက အစ္စရေးသင်္ဘောတစ်စင်းကို သိမ်းပိုက်ပြီး ယီမင်ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
“ယီမင်တောင်ပိုင်း ပင်လယ်နီအနီးမှာ ဟူသီသူပုန်တွေက ကုန်တင်သင်္ဘောတစ်စီးကို ပြန်ပေးဆွဲတာဟာ ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်အတွက် အလွန်ဆိုးရွားသော ဖြစ်ရပ်တစ်ခုဖြစ်တယ်။အဆိုပါသင်္ဘောမှာ အစ္စရေးလူမျိုးမပါဘဲ နိုင်ငံပေါင်းစုံမှ အရပ်သားများသာပါပြီး တူရကီကနေ အိန္ဒိယကို ထွက်ခွာလာတာ။ဒီသင်္ဘောက အစ္စရေးသင်္ဘော မဟုတ်ဘူး” လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောခဲ့ပါတယ်။
သင်္ဘောပေါ်တွင် နိုင်ငံအသီးသီးမှ သင်္ဘောသား ၂၅ ဦးခန့် ပါရှိတယ် ဆိုပါတယ်။သင်္ဘောပေါ်တွင် အိန္ဒိယလူမျိုး မည်မျှပါသည်ကို အတည်မပြုနိုင်သေးပေ။အစ္စရေးဝန်ကြီးချုပ်ရုံး၏အဆိုအရ ယူကရိန်း၊ ဘူဂေးရီးယား၊ ဖိလစ်ပိုင်နှင့် မက္ကဆီကန်အပါအဝင် နိုင်ငံသားများ လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
“နိုင်ငံတကာ သင်္ဘောတစ်စီးကို အီရန် တိုက်ခိုက်တာကို အစ္စရေးက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ဗြိတိန်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ပြီး ဂျပန်ကုမ္ပဏီတစ်ခုက လည်ပတ်နေတဲ့ သင်္ဘောကို ယီမင်ဟူသီပြည်သူ့စစ်က အီရန်ရဲ့ လမ်းညွှန်မှုနဲ့ ပြန်ပေးဆွဲခဲ့တာပါ” ဟု အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
“ဒါဟာ အီရန်အကြမ်းဖက်ဝါဒရဲ့ နောက်ထပ်လုပ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလမ်းများ လုံခြုံရေးနှင့်ပတ်သက်ပြီး ထပ်တိုးလာတဲ့ နိုင်ငံတကာအကျိုးဆက်တွေဖြစ်ကာ လွတ်လပ်တဲ့ ကမ္ဘာ့နိုင်ငံသားတွေအပေါ် အီရန်ရဲ့ ရန်စမှုတွေက ရှေ့ကိုတိုးလာနေပါတယ်” လို့ ၎င်းထုတ်ပြန်မှုမှာ ထပ်ဖော်ပြထားပါတယ်။
The Times of Israel ၏ အဆိုအရ ပဘဟားမားအလံတင် အဆိုပါသင်္ဘောကို အစ္စရေးသူဌေးကြီး အေဘရာဟမ်အန်ဂါ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် ဗြိတိသျှကုမ္ပဏီတစ်ခုအောက်တွင် မှတ်ပုံတင်ထားကြောင်း သိရပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဟူသီများက ပင်လယ်နီတွင် အစ္စရေးနှင့် ဆက်နွယ်နေသည့် သင်္ဘောများကို ပစ်မှတ်ထားမည်ဟု ကတိပြုထားခဲ့ပါတယ်။
ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက အစ္စရေးကို ချေမှုန်းဖျက်ဆီးကြဖို့ ပြောခဲ့ပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - The Week