【 နိုင်ငံတကာ 】 ရာဖာစစ်ဆင်ရေးမတိုင်မီ ပါလက်စတိုင်းများအတွက် ဘေးကင်းသောထွက်ပေါက်ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု

【 နိုင်ငံတကာ 】 ရာဖာစစ်ဆင်ရေးမတိုင်မီ ပါလက်စတိုင်းများအတွက် ဘေးကင်းသောထွက်ပေါက်ပေးမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု

တဲလ်အဗစ်၊ ဖေဖော်ဝါရီ - ၁၂
 
ဂါဇာ၏ တောင်ဘက်စွန်းမြို့ ရာဖာကို အစ္စရေးက ဝင်ရောက်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုသည် တနင်္ဂနွေနေ့တွင် ဆက်လက်ရှိနေဆဲဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ထိုမြို့မှ စစ်ရှောင်အရပ်သားများကို ဘေးကင်းသော ထွက်ပေါက်ပေးမည်ဟု ကတိပေးခဲ့ပါတယ်။
 
တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နေတန်ယာဟုက ထိုမြို့ကို စစ်ဆင်ရေးလုပ်မည့် သူ၏ ရည်ရွယ်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
ဂါဇာ၏ လူဦးရေ ၂.၄ သန်းအနက် ထက်ဝက်ကျော်ခိုလှုံနေသည့် ထိုမြို့တွင် လူအများအပြားသေဆုံးမည်ကို နိုင်ငံတကာက တုန်လှုပ်နေသော်လည်း နေတန်ယာဟုက ABC သတင်းဌာသို့ ပြောရာတွင် “ကျနော်တို့က အဲဒီစစ်ဆင်ရေးကို လုပ်တော့မှာ” ဟု သူကပြောပါတယ်။
 
ထိုစစ်ဆင်ရေးသည် အရပ်သားများကို မထိခိုက်စေရန် ပထမဦးစွာလုပ်ရမည်ဆိုသည့် ကိစ္စတွင် အမေရိကန်များနှင့် သဘောတူကြောင်း သူကပြောပါတယ်။
 
“အရပ်သားတွေ ထွက်လို့ရအောင် ဘေးကင်းတဲ့လမ်းကြောင်းပေးပြီး အဲဒီစစ်ဆင်ရေးကို ကျနော်တို့လုပ်မယ်” ဟု ထိုတွေ့ဆုံမေးမြန်းမှုတွင် သူပြောပါတယ်။
 
သို့သော် အီဂျစ်နယ်စပ်နှင့် ပိတ်မိနေသာ ထိုမြို့တွင် ယာယီတဲများဖြင့် ခိုလှုံနေသော အလွန်များပြားသည့် အရပ်သားများ မည်သည့်အရပ်သို့သွားနိုင်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
 
ထိုကိစ္စကို မေးမြန်းသောအခါ ၎င်းတို့သည် အသေးစိတ်များကို ပြင်ဆင်နေကြောင်းသာ ပြောပါတယ်။
 
အစ္စရေးတပ်များသည် တောင်ပိုင်းသို့ မှန်မှန်တိုးချဲ့လာနေပြီး ရာဖာသည် စစ်တပ်များမဝင်ရောက်သေးသည့် နောက်ဆုံးမြို့ဖြစ်သော်လည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခံနေရပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Gulf Today