ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ပေါ်က ရဲစခန်း၊ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ၅၉၉ နဲ့ ၅၉၀ တို့ ဝင်ရောက်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။မနေ့ ဒီဇင်ဘာ ၂ ရက် ညကစလို့ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်နဲ့ နမ့်ခွန်ရွာမှာ ဒီဇင်ဘာလ ၂ ရက် မနေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးလသားအရွယ် ယောက်ျားလေးတစ်ဦးသေဆုံးပြီး၊ လေးဦးဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
 
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာကို ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်း ဝင်ရောက်မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စက်မှုဇုန်တွေမှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် လိုအပ်တဲ့ စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချပေးနေတာကို လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ကစလို့ ရပ်ဆိုင်းတော့မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျပိုင်ရွာထဲက နေအိမ်တွေကို ဒီဇင်ဘာ ၂ ရက် မနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ 
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဝယ်ငဲ့၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကြံတော၊ ထရံ၊ ပေသီကုန်း၊ မီးသွေးကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံနှစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။