ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့မရဲစခန်းနားမှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရဲစခန်းရှိတဲ့ နေရာတစ်ဝိုက်ကို ‌ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့ အမှု (၁၉) မှုထဲက အထူးအယူခံတင်ထားတဲ့ လက်ကျန်အမှုအားလုံး ဒီဇင်ဘာ ၅ ရက် ဒီနေ့ နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့စစ်တွေမြို့နယ်မှာ လက်နက်ကြီးကျည်ကြောင့် ဒီဇင်ဘာ ၄ ရက် တစ်နေ့တည်းမှာပဲ ဒေသခံတစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ လောက်ကိုင်မြို့အတွင်းပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက် နံနက်မှစတင်ကာ ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ရောင်းချပေးနိုင်ခြင်းမရှိဘဲ ရောင်းချလျက်ရှိသည့် ဆီဆိုင်များတွင်လည်း သတ်မှတ်ပမာဏဖြင့်သာ ဝယ်ယူရနေတယ်လို့ မော်တော်ယာဉ်မောင်းအချို့က ‌ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူးအပါအဝင် ၅ ယောက်ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၃ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြချက်အရ သိရပါတယ်။