
ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တွေကြား ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ငွေတောင်ကျေးရွာတွင် စက်တင်ဘာ (၁၆) ရက် ညပိုင်းက အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ထိုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် “မြနန်းဟေမာန်” စားသောက်ဆိုင်ပိုင်ရှင် လင်မယား (၂) ဦးနှင့် “ကုဋေစု”စားသောက်ဆိုင်ပိုင်ရှင် လင်မယား (၂) ဦး (စုစုပေါင်း ၄ ဦး) တို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွေမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်၊ချောက်တခင်း လှေဒေါက်တွင် စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီကျော်ခန့်က သံခွံလှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့လို့ Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာက သံဃာတစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံရမှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စက်တင်ဘာလ ၁၇ ရက် မနက် ၆ နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ လူတစ်ဦးက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်ကုသထားရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။