
ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေမှာ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ YBS ယာဉ်နဲ့ လိုက်ထရပ်ကားတို့ တိုက်မိပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ ကောင်းဝိန်းကျေးရွာအနီးတွင် ရေခဲချောင်းရောင်းချနေသည့် အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့၌ ယမန်နေ့ည ၉ နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦးကလည်း စက်လှေဖြင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။