ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကျုံးတောင်ဘက်ခြမ်း၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၂၆ လမ်းနှင့် ၂၇ လမ်း ကြား၊ စိတ္တရမဟီရပ်ကွက်၊ စော်ဘွားဝင်းအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ယနေ့ နံနက် ၄ နာရီခွဲခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ထောင်က အကျဉ်းသားငါးဦးဟာ စက်တင်ဘာလ ၃၀ ရက်၊ မနက်ပိုင်း ၇ နာရီခန့်က ထောင်အပြင်ထွက်ပြီး ရာဘာထင်းသယ်ချိန်မှာ လုံခြုံရေးတာဝန်ကျတဲ့ ဝန်ထမ်းနှစ်ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီးတွင် အောက်တိုဘာ ၂ ရက် (ယနေ့) နံနက်ပိုင်းက လမ်းဘေးရေမြောင်းထဲသို့ ဆိုင်ကယ်ထိုးကျ တိမ်းမှောက်သွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးလုံးမှာ အခင်းဖြစ်ရေမြောင်းအတွင်း၌ သေဆုံးသွားကြောင်း ကရုဏာရှင်အခမဲ့နာရေးကူညီမှုအသင်းမှ သိရပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ အောက်တိုဘာလ ၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက မီးကြိုးတက်ခိုးတဲ့ အမျိုးသားတစ်ဦး မီးလာချိန်နဲ့တိုးလို့ ဓာတ်လိုက်သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။