ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းကစ၍ ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းများမှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ကလေးနဲ့ တီးတိန်အကြား ကနေဒီတောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကန်တိုက်နယ်စံပြကျေးရွာမှာရှိတဲ့ ကန်နယ်မြေရဲစခန်းကို ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ရဲတပ်တပ်ဖွဲ့စခန်းကို နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီကျော်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်း ဇက် ရေယာဉ်နှစ်စီးနဲ့ အဲဒီရေယာဉ်တွေပေါ်က ဝန်ထမ်းတွေဟာ မနေ့ညနေပိုင်းကစလို့ ဌာနနဲ့ အဆက်အသွယ်ပြတ်သွားပြီး ရေယာဉ်တွေလည်း ပျောက်ဆုံးနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးလေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် လေယာဉ်ခရီးစဉ်တွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ နမ့်ဆန်မြို့နယ်၊ အုမ်းမစွမ်ကျေးရွာထဲက နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၃ နှစ်ဝန်းကျင် ၆ တန်းကျောင်းသူတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရွာရဲစခန်းကို နိုဝင်ဘာ ၂၁ ရက်၊ မနက် ၄ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို ယမန်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။