
【 ပြည်တွင်း】စတုဒီသာကျွေးခြင်းက ဝင်ငွေနည်းသူများ၏ အခက်အခဲကို တစ်ဖက်တလမ်းမှ ကူညီသလိုဖြစ်နေ
မြို့ကြီးတွေမှာသာမက ကျေးလက်ဒေသတွေမှာရှိတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားအများစုရဲ့ စားသောက်ချို့တဲ့မှုကို စတုဒီသာကျွေးမွေးတာက ဖြေရှင်းပေးသလိုဖြစ်နေလို့ စတုဒီသာကျွေးမယ့်အလှူရှင်တွေကို စောင့်မျှော်သူများလာနေတယ်လို့ ပရဟိတအဖွဲ့အစည်းတွေထံက သိရပါတယ်။
၂၀၂၁ခုနှစ်နောက်ပိုင်း ကုန်စျေးနှုန်းတွေအဆမတန်ကြီးမြင့်လာမှု ၊ အလုပ်အကိုင်ရှားပါးလာမှုနှင့်အတူ အလုပ်လက်မဲ့ဖြစ်သူများလာတာကြောင့် ရန်ကုန်မြို့နယ်အချို့ရှိ ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်တဲ့ အခြေခံလူတန်းစား မိသားစုအများစုတွေသာမက ကျေးလက်နေပြည်သူတွေက နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲ များဖြစ်ပေါ်နေပြီး စတုဒီသာကျွေးမွေးလှူဒါန်းမယ့် အလှူရှင်တွေကို စောင့်မျှော်သူတွေများလာတာဖြစ်တယ်လို့ သိရပါတယ်။
“အလုပ်အကိုင်ကလည်းမရှိ၊ ကုန်စျေးနှုန်းတွေကလည်းကြီး၊စားဝတ်နေရေးကအဆင်မပြေတော့ အခြေခံလူတန်းစားအားလုံးက အခက်အခဲတွေဖြစ်နေကြတာ ။ အဲ့ဒါကြောင့် ရပ်ကွက်ထဲမှာဆိုဘယ်လို့ဖြစ်နေလဲဆိုတော့ ဆန်၊ဆီ၊ ငရုပ်၊ကြက်သွန်လာရောက်လှူဒါန်းမယ့် အလှူရှင်တွေနဲ့ စတုဒီသာလာရောက် ကျွေးမွေးလှူဒါန်းမယ့် အလှူရှင်တွေကို စောင့်မျှော်တဲ့သူတွေများလာတယ်။ အဲ့လိုလှူဒါန်းတဲ့သူတွေလာရင် မိသားစု တစ်နပ်စာလောက်ရလည်းအားလုံးက ဝမ်းသာပီတိဖြစ်နေကြတာ”လို့ လှိုင်သာယာမြို့နယ်ဆင်ခြေဖုံး ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ပြည်နှစ် ကိုဗစ်ကာလမှာ လူမှုကူညီရေးအသင်းတွေနဲ့ ငွေကြေးချမ်းသာသူတွေက ရန်ကုန်မြို့မှာ ရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကိုသွားရောက်ပြီး စတုဒီသာ ကျွေးမွေးလှူဒါန်းမှုတွေ များစွာရှိခဲ့ပေမယ့် ၂၀၂၁ခုနှစ် နိုဝင်ဘာလနောက်ပိုင်းကစပြီး အဆိုပါလူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ငွေကြေးချမ်းသာသူတွေက စတုဒီသာ ကျွေးမွေးမှု အလှူပြုလုပ်ကြသူတွေ နည်းလာတယ်လို့ ပြည်သူတွေထံက သိရပါတယ်။
ရန်ကုန်၊နိုဝင်ဘာ ၂၀