【 ပြည်တွင်း】ထိုင်းနိုင်ငံရဲ့ဝယ်လိုအားကြောင့် ငရုတ်ခြောက်စျေး နှစ်ဆမြင့်တက်

【 ပြည်တွင်း】ထိုင်းနိုင်ငံရဲ့ဝယ်လိုအားကြောင့်  ငရုတ်ခြောက်စျေး နှစ်ဆမြင့်တက်

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားအခြေအနေကြောင့် ပြည်တွင်းမှာ ငရုတ်ခြောက်စျေးတွေက နှစ်ဆလောက် စျေးမြင့်တက်လာတယ်လို့  ငရုတ်စိုက်တောင်သူတွေနဲ့ ကုန်သည်တွေထံက သိရပါတယ်။

ယခင်နှစ်တွေက  ထိုင်းနိုင်ငံအနေနဲ့  မြန်မာနိုင်ငံကထွက်ရှိတဲ့ ငရုတ်ခြောက်ကို ရံဖန်ရံခါသာ ဝယ်ယူမှုရှိခဲ့ပြီး  အခုနှစ်မှာ တောက်လျှောက်ဝယ်ယူမှုများလာတာဖြစ်တဲ့အတွက် ငရုတ်ခြောက်စျေးက နှစ်ဆနီးပါး တက်လာတာဖြစ်တယ်လို့ ငရုတ်ခြောက် အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တွေထံက သိရပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံကထွက်ရှိတဲ့ ငရုတ်ခြောက်တွေကို ဆက်တိုက်ဝယ်ယူနေတဲ့အတွက် ပြည်တွင်း စျေးကွက်မှာ အရောင်းအဝယ်သွက်လာခဲ့တဲ့အပြင် စျေးနှုန်းတွေဟာလည်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ဧရာ၀တီတိုင်းဒေသကြီးမှာ  ပြီးခဲ့တဲ့မေလလောက်က  ငရုတ်တစ်ပိဿာကို ကျပ် ၆၅၀၀ ခန့်သာ ရှိခဲ့သော်လည်း လက်ရှိမှာ ငရုတ်တစ်ပိဿာ ကျပ် ၁၀၀၀၀ ကျော်အထိ စျေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ငရုတ်ခြောက်က အရင်နှစ်တွေကဆို စိုက်ပျိုးတဲ့သူများတဲ့အတွက် စျေးက သိပ်မတက်ဘူး၊ ပုံမှန် အနေအထားပဲ၊ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်နဲ့ ဒီနှစ်ထဲမှာတော့ ဓာတ်မြေဩဇာစျေးနှုန်းတွေလည်း ကြီးတဲ့အတွက် စိုက်ပျိုးသူတွေ နည်းတော့ ပြည်တွင်းစျေးကွက်ထဲမှာတောင် စျေးတက်နေတယ်၊ အခုထိုင်းက ဆက်တိုက်ဝယ်နေတယ်ဆိုတော့ စျေးနှုန်းက နှစ်ဆလောက်မြင့်တက်လာတာဖြစ်တယ်”လို့ ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်နေ ငရုတ်စိုက်တောင်သူ ဦးဝင်းအောင်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာလည်း ငရုတ်ခြောက်စျေးဟာ အရင်နှစ်တွေထက် စံချိန်တင်မြင့်တက်နေပြီး တစ်ပိဿာကို အမြင့်ဆုံးစျေး ၄၅၀၀ ကျပ်ခန့်ရှိရာကနေ ကျပ် ၁၀၀၀၀ ခန့်အထိ စျေးတက်လာတယ်လို့ ငရုတ်အရောင်းအဝယ် ပြုလုပ်တဲ့ ကုန်သည်တွေဆီက သိရပါတယ်။

ရန်ကုန်မြို့က ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် ဇူလိုင်လလယ်ပိုင်းလောက်က ပန်းရဲငရုတ်(သစ်) တစ်ပိဿာကို ကျပ် ၈၅၀၀ ရှိရာမှ လက်ရှိ ကျပ် ၉၅၀၀ စျေးအဖြစ်ဖြင့်လည်းကောင်း၊ မြှားနီ ဟင်္သာတ(သစ်) ကျပ် ၈၅၀၀ ကနေ လက်ရှိ ၁၁၅၀၀ ကျပ်တို့ အထိ ဖြစ်ပေါ်နေပြီး လက်ရှိ ပန်းရဲ (သစ်) AC  တစ်ပိဿာကို ၁၁၅၀၀ ကျပ်၊ ကျောက်ဆည် ဒီမွန် တစ်ပိဿာကို ၁၁၅၀၀ ကျပ်၊ မြစ်ဝ(ပု) တစ်ပိဿာကို ၁၂၀၀၀ ကျပ် စတဲ့ စျေးအသီးသီးရှိတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၃