【 ပြည်တွင်း】ပစ္စည်းလုယက်၍သာမက လူကိုရန်ပြုတဲ့အထိ လုပ်ဆောင်လာ

【 ပြည်တွင်း】ပစ္စည်းလုယက်၍သာမက လူကိုရန်ပြုတဲ့အထိ လုပ်ဆောင်လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့မှာ လုယက်မှုဖြစ်စဉ်တွေမကြာခဏကြုံတွေ့လာကြသလို ပစ္စည်းလုယက်တာအပြင် လူကိုပါရန်ပြုတိုက်ခိုက်တာမျိုး လုပ်ဆောင်လာကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက လူမှုကွန်ရက်မှာ ဖော်ပြလာကြပါတယ်။
“ဟိုနေ့ကပဲ သာကေတအဝိုင်းနားလေးမှာ စက်ဘီးစီးတဲ့သူတစ်ဦးကို နောက်ကနေ ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က အနားကပ်ပြီး လုတာတွေ့လိုက်တယ်၊ သူတို့က လုယက်တဲ့အပြင် စက်ဘီးမှောက်လဲ အနာတရဖြစ်ပြီး မလိုက်နိုင်အောင် ခြေထောက်နဲ့ကန်ချသွားတယ်၊ အဲ့နားမှာ ကားတွေပိတ်နေတာတောင် ဘယ်သူမှဆင်းမကူကြဘူး၊ ကျွန်တော်တို့ကားက ယာဉ်ကြောပိတ်နေပြီး အနောက်ဘက်နည်းနည်းရောက် နေတော့ ဘယ်လိုမှ ထွက်ကူလို့မရဘူး၊ လုယက်ခံရတဲ့ စက်ဘီးသမားလည်း မှောက်လဲသွားတာတွေ့ရတယ်၊ လုယက်သူတွေ စီးတဲ့ ဆိုင်ကယ်က ကားကြားထဲကနေ လမ်းသွယ်တွေထဲ ဝင်ပြေးသွားတယ်”လို့လည်း မြင်လိုက်ရတဲ့ တက္ကစီယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ထိုလုယက်သူတွေအများစုဟာ ဆင်ခြေဖုံးဒေသတွေမှာ ဆိုင်ကယ်စီးလာပြီး လုယက်တာမျိုးလုပ်ဆောင်ကြသလို အုပ်စုဖွဲ့ လုပ်ကိုင်လာကြသလို မြို့လယ်ဧရိယာအတွင်း ကားလမ်းကြောပိတ်ချိန်မှာ ကားပေါ်ကပစ္စည်းတွေကို အလစ်သုတ် ဆွဲယူထွက်ပြေးတာမျိုးကိုလည်း လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
“နေ့ခင်းဘက် ၂ နာရီခွဲလောက်ပဲရှိသေးတယ်၊ ရန်ကုန်မှာ မိုးကတဖြောက်ဖြောက်နဲ့ ပန်းဆိုးတန်းမီးပွိုင့်မှာ ပွိုင့်မိလို့ တန်းစီနေတုန်း နောက်ခန်းတံခါးကိုဆွဲဖွင့်ပြီး ကားပေါ်က အထုပ်ကိုဆွဲပြေးသွားတယ်၊ သူတို့ဘာအထုပ်မှန်းလဲသိတာ မဟုတ်ဘူး၊ ဘာရရဆိုပြီးတော့ အလစ်ဝင်ဆွဲတာ၊ ကားငှားစီးရင် စိတ်ချရအောင် Lock ချထားသင့်တယ်”လို့လည်း ကိုယ်တိုင် ကြုံရတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုပြန်ပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ် ၆ ရက်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာ စက်ဘီးစီးပြီး သွားလာနေတဲ့ အမျိုးသမီးနှစ်ဦးကို ဆိုင်ကယ်တစ်စီးမှ အနားကပ်လာပြီး ဆွဲကြိုးဖြတ်ပြေးသွားကြောင်း၊ ထိုလုယက်လုပ်ဆောင်ခံရကာ စက်ဘီးအနောက်မှာလိုက်ပါလာတဲ့ အမျိုးသမီးက ပြုတ်ကျ၍ အနာတရဖြစ်ခဲ့ပြီး ယင်းလုယက်သွားတဲ့ နေရာအနီးက စီစီတီဗွီကနေ မှတ်သားထားတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ထိုလုယက်မှုတွေ မကြာခဏဖြစ်လာတဲ့အပြင် လုယက်သူတွေဟာ ရန်ပြုတိုက်ခိုက်လာကြပြီး လုယက်သူတွေကို စီစီတီဗွီမှတ်တမ်းများဖြင့် မှတ်သားထားနိုင်ပေမယ့် ဖမ်းဆီးရမိတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
Photo: မြောက်ဒဂုံ ၄၄ ရပ်ကွက်အတွင်း လုယက်ခံရ၍ စက်ဘီးပေါ်မှ ကျသွားတာကိုမြင်ရစဉ်
 
ရန်ကုန်၊ ဩဂုတ် ၉