【 ပြည်တွင်း 】ကိုဗစ်ကာလကစလို့ သိသာများပြားလာတဲ့ အဆုံးစီရင်မှုတွေ လက်ရှိချိန်ထိ ဆက်ဖြစ်နေ

【 ပြည်တွင်း 】ကိုဗစ်ကာလကစလို့ သိသာများပြားလာတဲ့ အဆုံးစီရင်မှုတွေ လက်ရှိချိန်ထိ ဆက်ဖြစ်နေ

မိမိကိုယ်ကိုယ် အဆုံးစီရင်မှု (Suicide Case) တွေဟာ ပုံမှန်ထက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ စတင်ကာ ဖြစ်စဉ်တွေတိုးလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိဖြစ်ပေါ်မှု များပြားနေဆဲဖြစ်တယ်လို့ လူမှုကူညီရေး လုပ်ဆောင်ပေးသူတွေက ဆိုပါတယ်။

အဆုံးစီရင်မှုဖြစ်ရပ်တွေဟာ နိုင်ငံတစ်ဝန်း ခပ်စိပ်စပ်ဖြစ်ပေါ်နေဆဲဖြစ်ပြီး မတူကွဲပြားတဲ့ ဆိုးဆိုးရွားရွား စိတ်ဖိစီးမှုတွေကြောင့် ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေမှာပါ အဆုံးစီရင်တာတွေ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ သတ်သေဖို့ဆိုတာမျိုးက အလွယ်တကူဘယ်သူက လုပ်မှာလဲဗျာ။ စိတ်ပျော့ညံ့လို့၊အလွယ်အရှုံးပေးတာတို့ ဆိုတာမဟုတ်ဘူး။ ဖိစီးလွန်းတဲ့အကြောင်းအရာတွေကို နောက်ထပ်တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ ထွက်ပေါက်ကို မရှိတော့လို့ လုပ်ကြရတာမျိုးပါ။သတိထားမိသလောက် ကိုဗစ်ခပ်များများဖြစ်လာတဲ့ ၂၀၂၀ ထဲက စလာတာ။ ဒီကာလမှာ လည်း နိုင်ငံရေးနဲ့ဆိုတော့ စားဝတ်နေရေး အလုပ်အကိုင်ကသိပ်မကောင်းကြတော့ ပိုဆိုးတာပေါ့။ နောက်ပြီး လောင်းကစားတွေလည်း အခုဆိုပိုများနေပြီလေ။ အဲ့ဒီလိုအကြောင်းအရာမျိုးစုံနဲ့ ဖြစ်လာတာမျိုးပေါ့။” လို့ ရန်ကုန်တိုင်းဒေသကြီးက လူမှုကူညီရေးလုပ်ဆောင်ပေးနေသူ တစ်ဦးက ဆိုပါတယ်။

အခုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလမှာဆိုရင် ပြည်ပရောက်မြန်မာတွေဟာ ပြည်ပမှာ အလုပ်အကိုင်အခက်အခဲကြောင့် အဆုံးစီရင်မှုတွေဖြစ်ခဲ့ပြီး ပြည်တွင်းမှာလည်း စားဝတ်နေရေးအပါအဝင် ၊အလုပ်အကိုင်အတွက်ခက်ခဲကာ အိမ်တွင်းမှာပဲနေရတဲ့အခြေအနေတွေကြောင့် မွန်းကြပ်မှုတွေနဲ့အတူ အဆုံးစီရင်သူတွေ ရှိခဲ့ ကြတာပါ။

ဒါတွေနဲ့ပတ်သက်လို့ လက်ရှိမှာစာရင်းအချက်အလက် သေချာမပြောနိုင်ပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလကို ပြန်ကြည့်မယ်ဆိုရင်တောင် လူမှုကွန်ရက်နဲ့သတင်းတွေမှာဖော်ပြထားတဲ့ လူသိများတဲ့ အမှုပေါင်း (၅) မှုလောက် ထိရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ  ၂၀