【 ပြည်တွင်း 】ကိုဗစ်အခြေအနေအတွက် ကုမ္ပဏီလုပ်ငန်းအချို့ ကြိုတင်ပြင်ဆင်မှုများလုပ်လာ

【 ပြည်တွင်း 】ကိုဗစ်အခြေအနေအတွက် ကုမ္ပဏီလုပ်ငန်းအချို့ ကြိုတင်ပြင်ဆင်မှုများလုပ်လာ

ယခုအခါ ပြည်တွင်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်ပြန်လည်များလာသလို ကုမ္ပဏီလုပ်ငန်းအချို့ဟာ လက်ရှိမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာကြတယ်လို့ အဆိုပါကုမ္ပဏီတွေမှာ လုပ်ကိုင်သူတွေဆီက သိရပါတယ်။
“လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ဦးမယ်ပေါ့၊ တစ်ဖက်ကလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပြီ၊ ကျွန်တော်တို့လို တခြားကုမ္ပဏီတွေလည်း လုပ်နေကြတာရှိတယ်၊ ဒီရက်ပိုင်းကူးစက်မှုအရမ်းများလာလို့ ကျန်းမာရေးက ထုတ်ပြန်ချက်တွေ လုပ်လာပြီဆိုရင် အရင်တုန်းက လုပ် ဆောင်ခဲ့ကြသလို ဘယ်ဝန်ထမ်းတွေကတော့ Work form Home လုပ်မယ်၊ ဘယ်ဝန်ထမ်းတွေကတော့ ဘယ်လိုဆိုတာ စီစဉ်ကြတာ၊ အခုက ဟိုတုန်းကလို ဆန်တို့ ကြက်ဥတို့ ပေးတာမျိုး မဟုတ်တော့ဘူး၊ သက်သာချောင်ချိရေး အသုံးစရိတ်ပေးတာမျိုးတွေနဲ့ လုပ်ဆောင်တာ၊ အပြင်ထွက်ရပြီး ကူးစက်နိုင်ချေ များတဲ့ ဝန်ထမ်းတွေကို သပ်သပ်နေရာစီစဉ်တာမျိုးတွေ၊ ဘယ်သူကတော့ ဘယ်လိုဂျူတီနဲ့လုပ်ဆောင်ရမယ်ဆိုတာမျိုး ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်”လို့ ပြည်တွင်းကုမ္ပဏီတစ်ခုရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ကိုင်နေရသော ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင်က ရှင်းပြပါတယ်။
ထိုသို့ပြင်ဆင်လုပ်ဆောင်မှုကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့လုပ်ဆောင်နေတဲ့ ကုမ္ပဏီကြီးတွေအပြင် နိုင်ငံသားပိုင်ကုမ္ပဏီအချို့ ကလည်း ကြိုတင်ပြင်ဆင်နေကြတာဖြစ်ပြီး ယင်းအနက်မှာ စားသောက် ကုန်လုပ်ငန်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းနဲ့ ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ အများဆုံးပါဝင်ကြတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာကိုဗစ်ကူးစက်သူလူနာတွေ့ရှိမှုဟာ ယခုလအတွင်း နေ့စဉ်ပျမ်းမျှ ၁၀ ဦးမှ ၂၀ ဦးအတွင်းရှိနေပြီး အချို့ရက်တွေမှာ လူ ၂၀ ကျော်အထိ ဖြစ်လာခဲ့တာမျိုးတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစတင်ဝင်ရောက်ခဲ့စဉ်ကာလက ကဏ္ဍအသီးသီးမှာ ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေး လုပ်ငန်းတွေကို တုန့်ပြန်လုပ်ဆောင်နိုင်မှုအားကောင်းခဲ့သလို သေဆုံးသူလည်း နည်းပါးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းမှာ တကျော့ပြန် ဖြစ်လာတဲ့ ကိုဗစ်ကူးစက်မှုတွေမှာ သေဆုံးသူတွေများပြားလာခဲ့တဲ့ အခြေအနေကိုလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်၊ ဇူလိုင် ၃၁