【 ပြည်တွင်း 】ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၆၀၀၀ ကျော်ရှိနေဟုဆို

【 ပြည်တွင်း 】ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၆၀၀၀ ကျော်ရှိနေဟုဆို

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့အတွက်  မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရတဲ့ကုမ္ပဏီတွေဟာ လက်ရှိမှာ ကုမ္ပဏီပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က သိရပါတယ်။

အဆိုပါ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီတွေ၊ ကျောက်မျက်ရတနာကုမ္ပဏီတွေ ပါဝင်ခဲ့တဲ့အပြင် ယင်းကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း DICA က  ဖော်ပြခဲ့ပါတယ်။

မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရတဲ့ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီနာမည်ကို ပြန်အသက်သွင်းချင်ရင် ကုမ္ပဏီများဥပဒေနဲ့အညီ တရားရုံးကင်းလွတ်ခွင့်အမိန့်နဲ့ ပြန်လည်တင်ပြနိုင်မှာဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။

 အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ်ဖြစ်တဲ့ Myco မှာ ပြန်လည်မှတ်ပုံတင်တဲ့ ကုမ္ပဏီတွေဟာ ၆၀၀၀၀ ကျော်ရှိပြီး ပြန်လည်မှတ်ပုံမတင်တဲ့ကုမ္ပဏီဟာ ၃၀၀၀၀ခန့် ရှိသလို ဆိုင်းငံ့ခံထားရတဲ့ ကုမ္ပဏီဟာ ၃၀၀၀၀ ကျော် ရှိကြောင်း၊ ဥပဒေနဲ့အညီ စနစ်တကျ ဖျက်သိမ်းလိုက်တဲ့ကုမ္ပဏီဟာ ၁၆၀၀ ကျော်နဲ့ ဖျက်သိမ်းဆဲကုမ္ပဏီ ၇၀၀ ကျော် ရှိတယ်လို့ DICA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁