【 ပြည်တွင်း 】ကျူရှင်နှင့် သင်တန်းကျောင်းအချို့ ခုံအပါအဝင် သင်ကြားရေးပစ္စည်းများ ပြန်လည်ရောင်းချမှုများရှိလာ

【 ပြည်တွင်း 】ကျူရှင်နှင့် သင်တန်းကျောင်းအချို့ ခုံအပါအဝင် သင်ကြားရေးပစ္စည်းများ ပြန်လည်ရောင်းချမှုများရှိလာ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းက သင်တန်းကျောင်းအချို့ဟာ ယခုနောက်ပိုင်း ခုံတွေအပါအဝင် သင်ကြားရေး ဆိုင်ရာပစ္စည်းတွေကို ပြန်လည်ရောင်းချတာတွေရှိလာတယ်လို့ ယင်းသင်တန်းကျောင်းဖွင့်ထားသူတွေဆီက သိရပါတယ်။

“အခုက အခန်းငှားခကြီးပဲပေးနေရတာ၊ တက်တဲ့သင်တန်းသားလည်းနည်းတယ်၊ သင်တန်းဆရာလည်း ရှားလာတော့ ငှားရတဲ့စရိတ်ကလည်း မြင့်လာတယ်၊ လကုန်လို့ ပြန်တွက်ကြည့်လိုက်ရင် မကိုက်ဘူး၊ ကိုယ့်အိတ်ထဲက စိုက်ပြီး ပြန်ထပ်ထည့်ရမလိုဖြစ်နေတော့ မဖွင့်တော့ဘဲပိတ်လိုက်ဖို့ကိုပဲ ဆုံးဖြတ်ထားတယ်”လို့လည်း ဘာသာစကားနဲ့ အိမ်တွင်းမှု ဆိုင်ရာ သင်တန်းတည်ထောင်ထားသူ Founder တစ်ဦးက ရှင်းပြပါတယ်။

အရင်ကဆိုရင် အဆိုပါသင်တန်းတွေကို တက်ရောက်သူများသလို ပြင်ပကျူရှင်များလည်း အများအပြားဖြင့် စည်ကား နေသော အခြေအနေမျိုးဖြစ်ပြီး လက်ရှိမှာ သွားလာသူတချို့ရှိပေမယ့် အရင်လိုသင်တန်းတက်ရောက်တာမျိုးမဟုတ်ဘဲ ဖြတ်သွားဖြတ်လာအခြေအနေသာများလာကာ သင်တန်းကျောင်းများအဖို့ အလုပ်မဖြစ်တဲ့အခြေအနေကို ကြုံလာရတယ်လို့ ဆိုကြပါတယ်။

“အဲယားကွန်းဖွင့်တာနဲ့ဘာနဲ့ဆိုတော့ လစဉ်မီတာခတင် အနည်းဆုံးတစ်သိန်းအထက်မှာရှိတယ်၊ အခန်းငှားခကလည်း နှစ်သိန်းခွဲ၊ ဒါတောင်အရင်ကတည်းက ငှားနေကျဖြစ်နေတဲ့ လူရင်းတွေမို့လို့ဒီစျေးနဲ့ရတာ၊ ဆရာတွေငှားရတာကလည်း များတယ်၊ အရင်လို ပညာကြေးနဲ့မရတော့ဘူး အနည်းဆုံး လေး၊ ငါးသိန်း အထက်မှာရှိတယ်ဆိုတော့ ရေရှည်အဆင်မပြေဘူး၊ တက်ကြတဲ့သင်တန်းသားတွေက အရင်တုန်းကဆိုရင် အရမ်းများလို့ Section တစ်ခုကို လူ ၄၀ နဲ့ ၅၀ ကြား ထည့်တာတောင် မလောက်လို့ Section တွေ လေးခုလောက်ခွဲပြီးဖွင့်ခဲ့ရတယ်၊ အခုကတော့ Section တစ်ခုပြည့်ဖို့တောင် တော်တော်လေး လုပ်ရဦးမယ်၊ အခုသင်တန်းသားက ၁၅ ဦးဆိုတာ အလွန်ဆုံးပဲ၊ ဒီထက်ကိုများတာမျိုးမရှိတော့ဘူး”လို့လည်း အဆိုပါ သင်တန်းကျောင်း တည်ထောင်ထားသူက ရှင်းပြပါတယ်။

ထို့ကြောင့် ပိတ်သိမ်းလိုက်တဲ့ သင်တန်းကျောင်းနဲ့ ခန်းမတွေက စာသင်ခုံတွေ၊ White Board တွေနဲ့ သင်ကြားရေး ပစ္စည်း တွေကို ပြန်လည်ရောင်းချတာတွေရှိနေပြီး အငှားအနေနဲ့ ယူလိုပါကလည်း ငှားပေးတာမျိုးတွေကို လုပ်ဆောင်လာကြ တယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၀