【 ပြည်တွင်း 】ခိုတွေကတစ်ဆင့် ဦးနှောက်အမြှေးရောင်အပါအဝင် အူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်

【 ပြည်တွင်း 】ခိုတွေကတစ်ဆင့် ဦးနှောက်အမြှေးရောင်အပါအဝင် အူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်

ရန်ကုန်မြို့ နေရာအနှံမှာ အကောင်ရေ ရာထောင်ချီတွေ့နေရတဲ့ ခိုငှက်တွေက တဆင့် ရောဂါမျိုးစုံ ကူးစက်နိုင်ပြီး အထူးသဖြင့် ဦးနှောက်အမြှေးရောင်အပါအဝင် အူလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဓိက ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ 
“ ဒီလိုရောဂါတွေ ကူးစက်နေလို့လည်း စည်ပင်က ခိုစာမကျွေးရ၊ အစာမရောင်းရဆိုပြီး တားမြစ်တာပေါ့။ ထိရောက်မှုတော့ မရှိဘူးပေါ့လေ။ လက်ရှိလည်း ခိုစာကျွေးတဲ့သူကျွေး၊ ရောင်းတဲ့သူရောင်းနေကြတာပဲ။ အဓိကတော့ ခိုချေးပေါ့။ ဒါကတော်တော်ဆိုးတယ်။ ခိုချေးခြောက်သွားရင် လေထဲလွင့် အဲ့ကနေတစ်ဆင့် ဒီရောဂါ အစုံကူး နိုင်တယ်။ ကလေးတွေ အထူးဂရုစိုက်ရမယ်။ ရန်ကုန်က တိုက်အမြင့်တွေမှာ ခို အိမ်တွေဆောက်နေကြတယ်။ အဲ့မှာ ခိုချေးတွေအများကြီးပဲ။ လမ်းမတွေပေါ်မှာရော။ ဒါက လူတွေ သတိမထားမိကြတဲ့ အနီးကပ် ရန်သူဆိုလည်း ဟုတ်တယ်။ အစာမကျွေးရင်တော့ ခိုတွေ သူ့အလိုလိုပျောက်သွားမယ်။”လို့ ကျောက်တံတား မြို့နယ်မှာ နေထိုင်တဲ့အထူးကု ဆရာဝန်တစ်ဦးက ဆိုပါတယ်။
ခိုတွေအများစုဟာ တိုက်အမြင့်နေရာတွေမှာ အိမ်ဆောက်နေကြတဲ့အတွက် ခိုသန်းအန္တရာယ်လည်းရှိနေတယ်လို့ သိရပါတယ်။
“ ကျွန်တော်က ၅ လွှာမှာနေတယ်။ ပြတင်းပေါက်နား  ဒီကောင်တွေ အိမ်လုပ်ထားတာ။ ခိုချေးနံ့တွေဆို နံဟောင်နေတာပဲ။ မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့။ ဟိုနေ့က စာဖတ်ပြီး ကုတင်ပေါ်လှဲလိုက်တာ။ လက်တွေရော၊ ခန္ဓာကိုယ်တွေမှာရော ခိုသန်းကိုက်တာတွေ၊ ဖုတွေအထွေလိုက်ပဲ။ ပြတင်းပေါက်လေးဖွင့်ထားမိတာ။ ခိုသန်းက သေးသေးလေး သေချာကြည့်မှမြင်ရတယ်။ မခံနိုင်အောင်ယားတယ်။ ဆေးသောက်မှ သက်သာတယ်။ ဒီကောင် တွေက မောင်းထုတ်လည်း မရတော့ဘူး။ အစာမကျွေးကြဖို့ကို ဘေးအိမ်တွေပြောထားရတယ်။”လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ခိုတွေကို အစာကျွေးခြင်းဟာ အလွန်အကျွံ မျိုးပွားမှုကို ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ပုံမှန် ခိုမတစ်ကောင်ဟာ  တစ်နှစ်မှာ သုံးသားထိ သားပေါက်ပြီး တစ်ခါဥရင် ၂ ဥ ဥလေ့ရှိပါတယ်။ အစာကျွေးထားတဲ့ မြို့ပြခိုတွေကတော့ တစ်နှစ်ကို ရှစ်သား၊ ကိုးသားလောက်အထိကို မျိုးပွားနိုင်တယ်လို့ ဆိုပါတယ်။ 
ရန်ကုန်မြို့တွင်းမှာတော့ ခိုစာကျွေးတာနဲ့ ရောင်းတာကို  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  တိရစ္ဆာန် ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ စတင် တားမြစ်ခဲ့တာဖြစ်ပါတယ်။ ခိုစားကျွေးသူတွေကို ပြစ်ဒဏ်အနေနဲ့ ငွေဒဏ် ၅ သောင်းကနေ ကျပ် တစ်သိန်း ထိဖြစ်စေ၊ ထောင်ဒဏ် ၃ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိတော့ ရန်ကုန်မြို့တွင်း ဆူးလေဘုရားပတ်လည်အပြင် မြို့တွင်း လူစည်ကားတဲ့ နေရာ တွေမှာတော့ ခိုစာကျွေးတာ၊ ရောင်းချတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
 
လီလီ
 
ရန်ကုန်၊ စက်တင်ဘာ ၁၈