【 ပြည်တွင်း 】ငွေလဲလုပ်ငန်းများလည်း မှောင်ခိုစျေးကွက်လိုဖြစ်လာ

【 ပြည်တွင်း 】ငွေလဲလုပ်ငန်းများလည်း မှောင်ခိုစျေးကွက်လိုဖြစ်လာ

ပြည်တွင်းမှာ နိုင်ငံခြားငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ပြန်ချက်အသီးသီးကို မကြာခဏ ထုတ်ပြန်နေသလို လက်ရှိမှာ ငွေလဲလှယ်တဲ့လုပ်ငန်းလုပ်ကိုင်သူတွေအဖို့ မှောင်ခိုစျေးကွက်လိုအခြေ အနေမျိုး ဖြစ်လာတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
“အခုကာလက လုပ်ရကိုင်ရတာလည်း အဆင်မပြေတော့ဘူး၊ ပေါက်စျေးအတိုင်းအရောင်းအဝယ်လုပ်တာတောင် အဖမ်းအဆီးနဲ့ဘာနဲ့ဆိုတော့ အရင်လိုအဆင်မပြေတော့ဘူးလေ၊ ရောင်းချင်ဝယ်ချင်တယ်ဆိုရင် ချက်ချင်းတော့ မရဘူး၊ ခဏတော့စောင့်ရမယ်၊ အဲ့လိုလေးတွေအခက်အခဲဖြစ်နေကြတာ”လို့လည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ငွေကြေးစျေးကွက်ထဲကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုးနဲ့လည်ပတ်နေပြီး အရင်က ဗဟိုဘဏ်စျေးနဲ့ အပြင်ပေါက်စျေးဟာ ငွေကျပ် ၁၀- ၂၀ ဝန်းကျင်လောက်သာ ကွာဟမှုမျိုးဖြစ်ခဲ့ပေမယ့် ယခုအခါ ကျပ် ၅၀၀ မှ ၆၅၀ ကြား ရည်ညွှန်းစျေးနဲ့ကွာဟလာကာ အရောင်းအဝယ်လုပ်နေရတဲ့ အခြေအ နေမျိုးဖြစ်နေပါတယ်။
“ကျွန်တော်တို့ ဘဏ်အကောင့်ထဲက နိုင်ငံခြားငွေကို ၁၈၅၀ နဲ့ဖြတ်ပြီး ကျေနပ်နပ်မကျေနပ်နပ် မြန်မာငွေနဲ့လဲခဲ့ရတာ၊ ကိုယ်က ကုန်ပစ္စည်းသွင်းစရာအတွက် ဒေါ်လာလိုတော့ ပြန်ရောင်းမပေးတော့ဘူး၊ အပြင်စျေးကွက်ထဲကနေ ပေါက်စျေးနဲ့ လိုက်ရှာဝယ်နေရတယ်၊ ဒါတောင် အရင်လိုလွယ်လွယ်ဝယ်မရတော့ဘူး၊ မှောင်ခိုစျေးကွက်လိုဖြစ်လာပြီ”လို့လည်း ကိုယ်တိုင် ကြုံရတဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်း ပုံသေသတ်မှတ်ထားပြီး ပြင်ပစျေးကွက်ထဲမှာ လက်ရှိ တစ်ဒေါ်လာလျှင် ကျပ် ၂၄၃၀ မှ ၂၄၈၀ ကြားဖြင့် ရောင်းဝယ်ကာ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၃၁