【 ပြည်တွင်း 】စက်သုံးဆီစျေးမြင့်ချိန် ညပိုင်းကွေ့ပတ်မောင်းနေရ၍ အခက်ကြုံဟုဆိုလာကြ

【 ပြည်တွင်း 】စက်သုံးဆီစျေးမြင့်ချိန် ညပိုင်းကွေ့ပတ်မောင်းနေရ၍ အခက်ကြုံဟုဆိုလာကြ

ယခုအခါ ပြည်တွင်းမှာ စက်သုံးဆီစျေးနှုန်းတွေမြင့်မားချိန်မှာ ရန်ကုန်မြို့အတွင်း ညပိုင်း၌ လမ်းအချို့တွင် လမ်းပိတ်ထားမှုတွေကို လုပ်ဆောင်လာကြတာကြောင့် ကွေ့ပတ်မောင်းနှင်ရင်း အချိန်ကုန်ကာ ဆီကုန်ရတဲ့ အခြေအနေမျိုးတွေ ရှိလာတယ်လို့ ရန်ကုန်မြို့အတွင်းယာဉ်မောင်းနှင်သူတွေထံက သိရပါတယ်။

“ဘယ်နားကတော့ ဘယ်အချိန်ပိတ်မယ်ဆိုတာမျိုးမကြေညာဘဲ လမ်းတွေပိတ်ထားတော့ ကွေ့ပတ်မောင်းရတယ်၊ ဘယ်နားကို ဘယ်အချိန်ပိတ်မယ်ဆိုတာသိရင် ရှောင်ပြီးမောင်းသွားတဲ့အခါ အချိန်ကုန်လည်းသက်သာတယ်လေ၊ ဆီကုန်လည်း သက်သာတာပေါ့၊ ဒီလိုကာလမှာ ဆီစျေးက မိုးထိနေတာလေ”လို့လည်း တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ယခုနောက်ပိုင်းမှာ ရန်ကုန်မြို့ မြို့လယ်ဧရိယာအတွင်း ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းမီးပွိုင့်မှ ဆူးလေဘုရားလမ်း မီးပွိုင့်အထိ ည ၇နာရီမှ စတင်ကာပိတ်ထားပြီး ဆူးလေမြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကို ည ၉နာရီမှ စတင်ကာ ပိတ်ထားသလို တာမွေဘက်၊ မင်္ဂလာတောင်ညွန့်ဘက်တွေမှာလည်း ည ၇နာရီ၊ ည ၈ နာရီလောက်မှ စတင်ကာ ပိတ်ထားတဲ့ လမ်းတွေရှိလာတယ်လို့ သိရပါတယ်။

“ကိုယ်ကမသိဘဲ လာမိတော့ လမ်းပိတ်လို့ ကွေ့ပတ်မောင်းရပြန်ရော၊ နေ့ခင်းဘက်လိုမဟုတ်ဘဲ လမ်းကြောချောင်တယ် ဆိုပေမယ့် ဆီကုန်တယ်၊ အချိန်ကုန်တယ်လေဗျာ၊ ဘယ်နားတွေတော့ ဘယ်အချိန်ဆိုရင် အပြင်ကားတွေ ပေးမဖြတ်ဘူးလို့ ကြိုတင်ထုတ်ပြန်ထားရင်အဆင်ပြေတာပေါ့၊ အခုက သက်သက်မဲ့ကို ဒုက္ခလိုက်ပေးနေသလိုပဲ”လို့လည်း ယာဉ်မောင်း တစ်ဦးက ၎င်းကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီစျေးနှုန်းဟာလည်း မြင့်မားလျက်ရှိပြီး ဩဂုတ် ၉ ရက်မှာ ဓာတ်ဆီ(92Ron) တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ဓာတ်ဆီ(95Ron) တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ဒီဇယ်ဆီ(Diesel)တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ပရီမီယံဒီဇယ်ဆီ (Premium Diesel)တစ်လီတာလျှင် ၂၁၈၅ ကျပ် စတဲ့စျေးနှုန်းတွေနဲ့ ရောင်းချနေတယ်လို့ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တွေကနေ သိရပါတယ်။

Photo: CJ

ရန်ကုန်၊ ဩဂုတ် ၁၀