【 ပြည်တွင်း 】စက်သုံးဆီဈေးနှုန်း တစ်လအတွင်း ကျပ်လေးရာဝန်းကျင်အထိဈေးပြုတ်ကျ၊ မန္တလေးမှာဆီတန်းစီဝယ်ယူမှုတို့ မရှိတော့

【 ပြည်တွင်း 】စက်သုံးဆီဈေးနှုန်း တစ်လအတွင်း ကျပ်လေးရာဝန်းကျင်အထိဈေးပြုတ်ကျ၊ မန္တလေးမှာဆီတန်းစီဝယ်ယူမှုတို့ မရှိတော့

ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်း တစ်လအတွင်းကျပ်လေးရာဝန်းကျင်ကျဆင်းခဲ့ပြီးနောက်၊ မန္တလေးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီတန်းစီဝယ်ယူသူတွေမရှိသလောက် အခြေအနေဖြစ်သွားပါတယ်။
“ဈေးကျတော့ တန်းစီပြီးတိုးကြိတ်နေတာတွေမရှိတော့ဘူပေါ့၊ ဈေးတက်ရင်သာ အလုအယက်တန်းစီကြတာ၊ မန္တလေးမှာ ဒီနေ့ 95 တစ်လီတာကို ၂၁၉၀ ပဲရှိတော့တယ်၊ အရင်လနဲ့ယှဉ်ရင် လေးရာကျော်လောက်ကျသွားတယ်ပြောရမှာပဲ” လို့ မြို့ခံတက္ကစီယာဉ် မောင်းတစ်ဦးကပြောပါတယ်။
ဒါဟာ ဒီကနေ့မနက်ပိုင်းကနေ ညနေအထိ စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ တွေ့ခဲ့ရတဲ့အခြေအနေဖြစ်ပြီး၊ အရင်တစ်ပတ်မတိုင်ခင် တုန်းကတော့ တန်းစီဝယ်ယူမှုတွေရှိခဲ့သေးတယ်လို့ သိရပါတယ်။
“အရင်တစ်ပတ်ကအထိ တန်းစီတာတွေရှိနေသေးတယ်၊ ဈေးကပြန်တက်သွားမလားစိုးရိမ်စိတ်နဲ့ အထူးသဖြင့် ဆိုင်ကယ် တွေမှာ တန်း စီနေတာတွေ့ခဲ့ရတယ်၊ ဒါပေမယ့်ဈေးကတအိအိနဲ့ ဒီနေ့ဆိုရင် နှစ်ထောင်နီးပါးအထိဆင်းခဲ့ပြီ၊ လူလည်းသိပ် မတိုးရတော့ဘူး” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းက Terminal တွေမှာ၊ စက်တင်ဘာလ ၂၅ ရက်နေ့က၊ စက်သုံးဆီတင်ဆောင်လာတဲ့သင်္ဘောတွေကနေ စက်သုံးဆီဂါလန်ခြောက်သန်းကျော်ချခဲ့တယ်လို့ စစ်ကောင်စီရဲ့ စက်သုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
အဲဒီစက်သုံးဆီခြောက်သန်းကျော်ကို သင်္ဘောနှစ်စီးကနေ ဒီဇယ်ဆီဂါလန်လေးသန်းကျော်နဲ့ ဓာတ်ဆီဂါလန်နှစ်သန်းကျော် ချခဲ့တာ လို့သိရပါတယ်။စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရဆိုရင် လက်ရှိအခြေအနေအရ ပြည်တွင်းမှာစက်သုံးဆီတွေဖူလုံမှုရှိသေးတယ်လို့လည်းသိရပါတယ်။
ကော်မတီရဲ့ ဒီကနေ့စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းတွေကတော့၊ နေရာဒေသအလိုက် ဓာတ်ဆီ 92 တစ်လီတာကို ၂၁၀၀ ကျပ် ဝန်းကျင်၊ 95 တစ်လီတာကို ၂၁၅၀ ကျပ်ဝန်းကျင်၊ ဒီဇယ်တစ်လီတာကို ကျပ် ၂၅၀၀ ကျော်ဝန်းကျင်ဖြစ်ပါ တယ်။ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ရင် စက်သုံးဆီအမျိုးအစားအလိုက်၊  ကျပ်လေးရာဝန်းကျင်ဈေးကျခဲ့တာဖြစ်ပါတယ်။
 
ကျော်ကျော်
 
မန္တလေး၊  စက်တင်ဘာ ၂၈