【 ပြည်တွင်း 】စားအုန်းဆီများကို ဆင်ခြေဖုံးဒေသများ၌ တန်းစီဝယ်ရသော အခြေအနေမျိုးဖြစ်လာ

【 ပြည်တွင်း 】စားအုန်းဆီများကို ဆင်ခြေဖုံးဒေသများ၌ တန်းစီဝယ်ရသော အခြေအနေမျိုးဖြစ်လာ

ရန်ကုန်မြို့က ဆင်ခြေဖုံးဒေသတွေမှာ စားအုန်းဆီရဖို့အတွက် တန်းစီဝယ်ယူရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အပြင်စျေးနဲ့ အရမ်းကွာတော့လည်း တန်းစီဝယ်ရတာပေါ့၊ ဟိုးအရင်ခေတ်တုန်းကလိုပေါ့၊ အခုက လူများရင်တော့ တန်းစီရတာကြာတယ်၊ ဒါပေမဲ့လည်း ဟိုးအရင်တုန်းကလို မိုးမလင်းခင် တန်းစီရတာမျိုးအထိတော့ မဆိုးသေးဘူး၊ လိုသလောက်တော့ ဝယ်လို့မရဘူး၊ တစ်ဦးကို ၅၀ ကျပ်သားပဲရောင်းပေးတာ”လို့လည်း ရန်ကုန်မြို့ သာကေတမြို့နယ်နေသူ တစ်ဦးက ပြောပြပါတယ်။

ပြင်ပစျေးကွက်ထဲမှာ စားအုန်းဆီတစ်ပိဿာကို ဇူလိုင် ၁၅ ရက်က ၇၂၀၀ ကျပ်မှ ၇၅၀၀ ကျပ်ကြားရှိရာမှ ဇူလိုင် ၂၀ ရက်မှာ ၉၀၀၀ နီးပါးဖြစ်ခဲ့ပြီး ဆီအသင်းရဲ့အစီစဉ်ဖြင့် နယ်လှည့်ရောင်းချတဲ့နေရာတွေမှာတော့ တစ်ပိဿာကို ၃၈၀၀ ကျပ်နဲ့ ရောင်းချနေတဲ့အတွက် တန်းစီကာ ဝယ်ယူနေရတာဖြစ်တယ်လို့ သိရပါတယ်။

စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်အထိုင် လက်ကားဈေးနှုန်းကို တစ်ပိဿာ  ၃၆၆၅ ကျပ်သတ်မှတ်ထားပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စျေးကား အစီး ၂၀ နဲ့ တစ်ရက်ကို ၁၅ မြို့နယ်လောက်မှာ လိုက်လံရောင်းချနေတယ်လို့ ဆိုပါတယ်။

“ကိုယ်ကတစ်ပိုင်တနိုင် အကြော်လေးကြော်ရောင်းတာတောင်မှ ဝယ်ရတဲ့ဆီဖိုးနဲ့ အဆင်မပြေတော့ဘူး၊ ကားနဲ့လိုက်ရောင်းတာ သက်သာတယ်ဆိုပေမယ့် ကိုယ့်နားကိုနေ့တိုင်းလာရောင်းတာမဟုတ်ဘူးလေ၊ ကိုယ့်အနီးအနား ရပ်ကွက်တွေနား လာရောင်းတာသွားဝယ်ဖို့ကျတော့လည်း အဆင်မပြေပြန်ဘူး၊ အများကြီးလည်းဝယ်ထားလို့မရဘူး၊ ရေရှည်တော့မလွယ်ဘူး၊ ဟိုးအရင် ၂၀၀၀ ခုနှစ် အရှေ့ပိုင်းကလို ဆီလေး ၂၀ သား၊ ၃၀ သားရဖို့ မနက်မိုးမလင်းခင် ကတည်းက တန်းစီရတော့မလို အခုလည်းတဖြေးဖြေးဖြစ်လာပြီ”လို့လည်း ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အကြော်စုံ ရောင်းချသူတစ်ဦးက ရှင်းပြပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၂