【 ပြည်တွင်း 】စီးပွားရေးကျပ်တည်းမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းချမှုများပြားလာ

【 ပြည်တွင်း 】စီးပွားရေးကျပ်တည်းမှုကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းချမှုများပြားလာ

ယခုနောက်ပိုင်းမှာ စီးပွားရေးကျပ်တည်းလာမှုကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်းချတဲ့ ဖြစ်ရပ်တွေဟာ ပြည်တွင်းမှာ များပြားလာတယ်လို့ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ အလုပ်လုပ်ကိုင်သူနေတွေထံက သိရပါတယ်။
“အခကြေးငွေနဲ့ သွေးလှူပေးတာမျိုးတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းတာတွေက အခုနောက်ပိုင်း အရမ်းကိုများလာတယ်၊ အရင်တုန်းက ဒါမျိုးရှိပေမယ့် အင်မတန်ရှားပါးတယ်၊ အခုက တော်တော်လေးကိုများလာတာ”လို့လည်း ပုဂ္ဂလိကဆေးရုံကြီး တစ်ခုမှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ကြီးတစ်ဦးက ပြောပြပါတယ်။
အဲ့ဒီလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေရောင်းချတာကို ပွဲစားများဖြင့် ဝန်ဆောင်ပေးလာတဲ့အထိ တွင်ကျယ်လာခဲ့ပြီး လူလတ်ပိုင်း အရွယ် အမျိုးသားတွေပိုများတယ်လို့ ဆိုကြပါတယ်။
“ကျွန်တော် အိန္ဒိယကနေအပြန် လေယာဉ်တစ်စီးတည်း စီးလာတဲ့ ကောင်းလေးသုံးယောက်နဲ့အတူ ဆုံဖြစ်တော့ စကားပြောဆိုရင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သွားရောင်းတာကို သိခဲ့ရတာ၊ အလွန်ပဲအံ့ဩမိပါတယ်၊ အသက် ၂၀ ကျော်ဝန်းကျင်လေးတွေပါ၊ အများစုက ကျောက်ကပ်တွေထုတ်ရောင်းတာ၊ မိန်းကလေး တွေလည်းရှိတယ်၊ ယောကျ်ားလေးက ပိုများတယ်တဲ့၊ မြန်မာပြည်ကနေ ပွဲစားက ကုန်ကျစရိတ်အကုန်လုံး အကုန်ခံပြီးတော့ ခေါ်သွားတာ၊ တော်တော်အံ့ဩရသလို စိတ်မကောင်းလည်း ဖြစ်မိတယ်”လို့ ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပြောပါတယ်။
အဆိုပါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုတ်ရောင်းကြရာမှာ ပွဲစားများက ကုန်ကျစရိတ်အကုန်လုံးကျခံပြီး ပြည်ပနိုင်ငံများသို့ ခေါ်ယူကာ ခွဲစိတ်၍ရောင်းချတာဖြစ်သလို အနည်းဆုံး ကျပ်သိန်း ၇၀ မှ ၉၀ ကြားရလေ့ရှိကြောင်း၊ ပွဲစားခအဖြစ် ကျပ် ၈ သိန်းမှ ၁၀ သိန်းကြား ပေးရလေ့ရှိတယ်လို့လည်း သိရပါတယ်။
Photo: CJ
 
ရန်ကုန်၊ ဇူလိုင် ၂၆