【 ပြည်တွင်း 】စျေးကွက်အတွင်း ဆေးဝါးပစ္စည်းအချို့ ပြတ်လပ်မှုများရှိလာ

【 ပြည်တွင်း 】စျေးကွက်အတွင်း ဆေးဝါးပစ္စည်းအချို့ ပြတ်လပ်မှုများရှိလာ

ပြည်တွင်းဆေးဝါးပစ္စည်းစျေးကွက်ထဲမှာ ပြည်ပကနေ တင်သွင်းထားတဲ့ဆေးဝါးတွေအနက် ဆေးဝါးပစ္စည်းအချို့ပြတ်လပ် မှုများဖြစ်နေပြီး လက်ရှိသေးတဲ့ဆိုင်အချို့ကိုစုံစမ်းကာ မြင့်မားတဲ့စျေးနှုန်းတွေနဲ့လိုက်လံဝယ်ယူနေရတယ်လို့ ပြည်တွင်း ပုဂ္ဂလိကဆေးခန်းများနဲ့ လက်လီ/လက္ကား ဆေးဝါးအရောင်းဆိုင်တွေကနေ သိရပါတယ်။

“တချို့လည်း ပုံမှန်ဝယ်နေကျဆိုင်မှာမရတော့ ဘယ်ဆိုင်တွေမှာရမလဲ လိုက်ဆက်သွင်းရင်းနဲ့ လက်ကျန်ရှိသေးတဲ့ ဆိုင်တွေမှာ မနိုင်မနင်းဖြစ်ပြီး ဝယ်သူကသွားပုံနေရော”လို့လည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဆိုင်ဖွင့် ထားသည့် ဆေးဝါးပစ္စည်းလက်လီလက္ကားဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြပါတယ်။

ထိုသို့ပစ္စည်းပြတ်လပ်လာတဲ့ ဆေးဝါးတွေဟာ နှလုံး၊ သွေးတိုး ဆေးဝါးတွေနဲ့ အာရုံကြောဆေးဝါးအချို့လည်းပါဝင်သလို ပဋိဇီ၀ဆေးဝါးတချို့လည်းပါဝင်နေကြောင်း၊ လက်ကျန်အနည်းငယ်လောက်သာ ရှိတဲ့ဆိုင်တွေက ရောင်းချတဲ့အခါ မူလစျေးနှုန်းများထက် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နေတဲ့စျေးမျိုးနဲ့ဝယ်ယူရတယ်လို့လည်း သိရပါတယ်။

“သာမန်အတိုင်းက ဆေးဝါးသွင်းဖို့ပါမစ်လျှောက်တာ ဘာညာနဲ့ကြာတယ်၊ အခုက အသင်းကနေကြားက ကိုင်တွယ်တာမျိုးဆိုပေမယ့် အသင်းဝင်မဟုတ်တဲ့ကုမ္ပဏီတွေအတွက် အခက်အခဲရှိသလို တင်သွင်းဖို့ဒေါ်လာကို ပြင်ပစျေးကွက်မှာ လိုက်ရှာဝယ်ရတဲ့အခက်အခဲတွေလည်းရှိတယ်၊ စျေးကတက်မှာပဲလေ၊ စျေးတက်ပေမယ့် ပုံမှန်သောက်သုံးနေရတဲ့သူတွေ ကျတော့ ပစ္စည်းမပြတ်သွားဖို့က အရေးကြီးတယ်မဟုတ်လားဗျာ”လို့လည်း ၎င်းကဆက်လက်ရှင်းပြပါတယ်။

ပြည်တွင်းဆေးဝါးစျေးကွက်ထဲမှာ ဆေးဝါးအများစုက ပြည်ပကနေ တင်သွင်းသုံးစွဲရတဲ့ ဆေးဝါးတွေဖြစ်ကြ‌ပြီး နှလုံး၊ သွေးတိုး၊ ဆီးချိုအပါအဝင် ပုံမှန်သောက်သုံးနေရတဲ့ဆေးဝါးတွေ အများစုဟာ ဂျာမနီ၊ အမေရိကန် စတဲ့နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေဖြစ်ကြောင်း၊ အိန္ဒိယကထုတ်လုပ်တဲ့ ဆေးဝါးတချို့ရှိပေမယ့် ဝယ်ယူသောက်သုံးသူတွေဟာ မူလအသုံးပြုတဲ့ အမှတ်တံဆိပ်ကိုသာ နှစ်သက်လေ့ရှိကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စျေးနှုန်းတွေမြင့်တက်နေပေမယ့် ကြိုတင်ဝယ်ယူသူတွေလည်းရှိလာပြီး ဆေးဝါးပစ္စည်းစျေးကွက်ထဲမှာ ဝယ်လိုအား မြင့်တက်နေတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၅