【 ပြည်တွင်း 】စွန့်ပစ်အမှိုက်တစ်ပိဿာကို ကျပ် ၁၀၀ နဲ့ ရန်ကုန်မှာ လိုက်ဝယ်နေ

【 ပြည်တွင်း 】စွန့်ပစ်အမှိုက်တစ်ပိဿာကို ကျပ် ၁၀၀ နဲ့ ရန်ကုန်မှာ လိုက်ဝယ်နေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ဒီရက်ပိုင်း ပတ်ဝန်းကျင်အတွင်း စွန့်ပစ်ထားတဲ့ အမှိုက်တွေကို တစ်ပိဿာ ကျပ် ၁၀၀ နဲ့ လိုက်ဝယ်နေတယ်လို့ သိရပါတယ်။
 
အင်းစိန်မြို့နယ်၊ ရွှေပြည်သာနဲ့ ဒလမြို့နယ်တွေမှာ အမှိုက်တစ်ပိဿာကို ကျပ် ၁၀၀ နဲ့ လိုက်ဝယ်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ အမှိုက်ကို လာဝယ်တာဆိုတော့ အံ့ဩတာပေါ့။ ပထမမယုံဘူး၊ အိမ်နီးနားချင်းတွေက ကလေးတွေရောအကုန် အိမ်ကရှိသမျှလူတွေ အမှိုက်တွေသွားကောက်ပြီးရောင်းနေကြတော့ ကျွန်တော်တို့လည်း အမှိုက်လိုက်ကောက်ပြီး သွားရောင်းတာ။ အလုအယက်ပဲကောက်ကြတာ။ ကျွန်တော်တို့ မိသားစုကတော့ ၄၀၀၀ လောက်ရတယ်။ သူတို့ပြောတာကတော့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အခုလိုလုပ်တာလို့ပြောတယ်။ ဒီလို အမြဲလုပ်ပေးရင် ကောင်းတာပေါ့။ ရပ်ကွက်ထဲက ကလေးတွေလည်း အလုပ်ရတာပေါ့ဗျာ။”လို့ ဒလမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
စွန့်ပစ်အမှိုက် တစ်ပိဿာကို ကျပ် ၁၀၀ နဲ့လိုက်ဝယ်နေကြတာကတော့ စွန့်ပစ်အမှိုက် ရှင်းလင်းရေးနဲ့ ပလတ် စတစ်လျှော့ပေါ့အသုံးပြုရေး ကမ်းပိန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ သန့်မြန်မာအဖွဲ့က ဖြစ်ပါတယ်။
 
“ဘာလို့ဒီလိုလုပ်ရသလဲဆိုတော့ အမှိုက်ရှင်းသွားအောင်လို့ပါ။ အမှိုက်ဝယ်တဲ့အခါ ရပ်ကွက်နေပြည်သူများက မိမိရပ်ကွက်၊ လမ်း၊ အိမ်အနီးအနားမှာရှိတဲ့ အမှိုက်တွေကို ကုန်စင်အောင်ကောက်ယူပြီးလာရောင်းကြပါတယ်။ ဒါ့အပြင် သမာရိုးကျအမှိုက်ကောက် ထွက်ကြတာနဲ့စာရင် ဒီလိုအမှိုက်ဝယ်လိုက်တဲ့အခါ ဒေသခံတွေရဲ့ ပါဝင်မှု အလွန်မြင့်မားလာတာကို လည်းတွေ့ရပြီး အမှိုက်တွေလဲ အမှန်တကယ်ရှင်းလင်းသွားပါတယ်။ တကယ် ထိရောက်မှုရှိ၊ မရှိကိုတော့ နောက်ဆုံးက Before & After ပုံကို ကြည့်တာနဲ့တွင် သိသာပါတယ်။”လို့ သန့်မြန်မာအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောထားပါတယ်။
စွန့်ပစ်အမှိုက်သွားရောက်ဝယ်ယူခဲ့ရာမှာ အင်းစိန်မြို့နယ်က  ပိဿာ ၃၀၀၀၊ ရွှေပြည်သာမြို့နယ်က ၁၁၅၇၈ ပိဿာ (နေရာနှစ်ခု၏ စုစုပေါင်း)၊  ဒလမြို့နယ်မှာ ၁၂၈၀၀ ပိဿာ ကို ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
“အခုလို ခက်ခဲနေကြတဲ့အချိန် ဒီအစီအစဉ်က တော်တော်ကောင်းတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ စားဝတ်နေရေးခက်ခဲနေသူတွေလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရ၊ ပတ်ဝန်းကျင်လည်း သန့်ရှင်းဆိုတော့ အရမ်းကောင်းတဲ့အစီအစဉ်ပါပဲ။”လို့ ရန်ကုန်နေပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
 
လီလီ
ဓာတ်ပုံ- သန့်မြန်မာ
 
ရန်ကုန်၊ စက်တင်ဘာလ ၂၁