【 ပြည်တွင်း 】ဆန်စျေးမြင့်တက်နေပြီး လက္ကားစျေးကွက်နဲ့လက်လီးစျေးကွက်ကြား ဆန်တစ်အိတ်လျှင် ငွေ ၁၀၀၀၀ ကျော်စျေးကွာဟနေ

【 ပြည်တွင်း 】ဆန်စျေးမြင့်တက်နေပြီး လက္ကားစျေးကွက်နဲ့လက်လီးစျေးကွက်ကြား ဆန်တစ်အိတ်လျှင် ငွေ ၁၀၀၀၀ ကျော်စျေးကွာဟနေ

ရန်ကုန်ဆန်စျေးကွက်ထဲမှာ ယခုရက်ပိုင်းအတွင်း စျေးနှုန်းများအနည်းငယ်ပြန်လည်မြင့်တက်နေပြီး လက္ကားစျေးကွက်ထဲက စျေးနှုန်းတွေနဲ့ လက်လီစျေးကွက်ထဲက စျေးနှုန်းတွေဟာ ဆန်တစ်အိတ်လျှင် ပျမ်းမျှငွေကျပ် ၁၀၀၀၀ ကျော် ကွာဟလာလျက် ရှိတယ်လို့ ဆန်၊ဆီအရောင်းဆိုင်တွေကနေ သိရပါတယ်။

“လက္ကားဒိုင်တွေ၊ ပွဲရုံတွေမှာလည်း တက်တယ်၊ ဒါပေမဲ့ လက်လီစျေးကွက်ထဲမှာက ပိုပြီးတက်နေတယ်၊ လက္ကားစျေးနဲ့ လက်လီစျေးက အရင်းတုန်းကဆိုရင် သိပ်မကွာလှဘူး၊ အခုက တော်တော်လေးကွာဟလာတယ်”လို့လည်း ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်အတွင်း လက်လီဆန်ရောင်းချနေသူတစ်ဦးက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ အပတ်တွေကထက် ယခုအပတ်ထဲမှာ လက္ကားစျေးကွက်ဖြစ်တဲ့ ကုန်စည်ဒိုင်တွေနဲ့ပွဲရုံတွေမှာ ဆန်တစ်အိတ်ချင်းကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ကြားလောက်သာ မြင့်တက်ပေမယ့် လက်လီစျေးကွက်ထဲမှာတော့ တစ်အိတ်ကို ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြားလောက်အထိ မြင့်တက်သွားပြီး လက်လီစျေးကွက်နဲ့ လက္ကားစျေးကွက်နှိုင်းယှဉ်ရာမှာ ဆန်တစ်အိတ်ကို အနည်းဆုံးငွေကျပ် ၁၀၀၀၀ ကျော် ကွာဟသွားတာဖြစ်ပါတယ်။

“ပွဲရုံတွေမှာ တစ်အိတ်ကို အရင်က ၆၉၀၀၀ ရှိတဲ့ ရွှေဘိုပေါ်ဆန်းက အခု ၁၀၀၀ တက်ပြီး ၇၀၀၀၀ ဖြစ်သွားပေမယ့် လက်လီ စျေးကွက်ထဲမှာက အရင်က ၈၀၀၀၀ ကနေ အခု ၈၅၀၀၀ လောက်အထိ ရောင်းတဲ့ဆိုင်တွေရှိလာတယ်၊ ဆန်ကြမ်းတွေလည်း ဒီလိုပဲတက်တာပဲ၊ ဆန်ကွဲတောင်မှ ဆန်ကြမ်းစျေးနဲ့အတူတူဖြစ်နေပြီလေ”လို့လည်း လက်လီလက္ကားဆန်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်သူ ကိုအောင်ဝင်းက ရှင်းပြပါတယ်။

လက်ရှိလက်လီစျေးကွက်ထဲမှာ အကောင်းဆုံးသတ်မှတ်ထားတဲ့ ရွှေဘိုပေါ်ဆန်းအမျိုးအစားဆန်ဟာ တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ကျော်၊ ရွှေဘိုပေါ်ဆန်း(ရိုးရိုး)မှာ ကျပ် ၇၈၀၀၀ ဝန်းကျင်၊ ပုသိမ်၊ ဖျာပုံ၊ ဒေးဒရဲ ပေါ်ဆန်းမှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျော်၊ ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ဇီယာ၊ ဆင်းသွယ်နဲ့ ရက် ၉၀ ဆန်တွေဟာ ၄၀၀၀၀ ကျပ်မှ ၄၉၀၀၀ ကျော် ဖြင့် ရောင်းချနေတယ်လို့ သိရပါတယ်။

 

ရန်ကုန်၊ ဇူလိုင် ၂၄