【 ပြည်တွင်း 】ဆီတင်ယာဉ်တွေ GPS မတပ်ရင် ဆီသယ်ပို့ခွင့်မပြုဘူးလို့ဆို

【 ပြည်တွင်း 】ဆီတင်ယာဉ်တွေ GPS မတပ်ရင် ဆီသယ်ပို့ခွင့်မပြုဘူးလို့ဆို

ဆီတင်ရေယာဉ်အပါအဝင် ဆီတင်ယာဉ်အားလုံး ဩဂုတ် ၅ ရက် နောက်ဆုံးထား GPS တပ်ဆင်ရမှာဖြစ်ပြီး မတပ်ရင် ဆီတင်ပို့ဆောင်ခွင့်မပြုဘူးလို့ စစ်ကောင်စီလက်အောက်ခံ ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့အခါ စိစစ်ကြပ်မတ်နိုင်ဖို့အပါအဝင် ယာဉ်မတော်တဆနဲ့ ထူးခြားမှုတွေကို အချိန်နဲ့ တပြေးညီသိနိုင်ဖို့အတွက် အခုလို GPS တွေ တပ်ဆင်ဖို့ ညွှန်ကြားရတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ကုမ္ပဏီတွေကို ညွှန်ကြားချက်ပို့ထားတဲ့ စာထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

GPS တပ်ဆင်ပြီးရင် ပြီးစီးကြောင်း အချက်အလက်တွေကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ Gmail ကို ပေးပို့ဖို့ ညွှန်ကြားထားတာတွေ့ရသလို မတပ်ရသေးရင်လည်း ဩဂုတ်လ ၅ ရက်နောက်ဆုံးထား တပ်ဆင်ရမှာဖြစ်တယ်လို့ ညွှန်ကြားချက်ထဲ ရေးသားထားပါတယ်။

ဆီတင်ရေယာဉ်နဲ့ ဆီဘောက်ဆာတွဲကားစတဲ့ ဆီတင်ယာဉ်အားလုံး လုပ်ငန်းလိုင်စင်နဲ့ ကြီးကြပ်လက်မှတ် မပါတာမျိုး၊ GPS မတပ်ဆင်သေးတာမျိုး စစ်ဆေးတွေ့ရှိရင်တော့ စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေကို ဆက်ပြီး ခွင့်ပြုမှာ မဟုတ်ဘူးလို့ ညွှန်ကြားချက်ထဲမှာ ပါပါတယ်။

လီလီ

ရန်ကုန်၊ ဇူလိုင် ၂၃