【 ပြည်တွင်း 】ညမထွက်ရအမိန့်ပြင်ဆင်လိုက်ကြောင်း ကောလာဟလများပေါ်ထွက်ပြီးနောက် ရန်ကုန်တွင် ညပိုင်းသွားလာရေး အခက်အခဲကြုံလာ

【 ပြည်တွင်း 】ညမထွက်ရအမိန့်ပြင်ဆင်လိုက်ကြောင်း ကောလာဟလများပေါ်ထွက်ပြီးနောက် ရန်ကုန်တွင် ညပိုင်းသွားလာရေး အခက်အခဲကြုံလာ

ရန်ကုန်မြို့မှာ ယခုရက်ပိုင်းအတွင်း ညမထွက်ရအမိန့်သတ်မှတ်ချက်ကို ပြင်ဆင်လိုက်တဲ့အကြောင်း ကောလာဟလတွေ ပေါ်ထွက်ပြီးတဲ့နောက်မှာ ညပိုင်းပြေးဆွဲတဲ့ကားတွေလည်းရှားပါးလာကာ သွားလာလုပ်ကိုင်သူတွေအဖို့ အခက်အခဲကြုံလာရတယ်လို့ ကိုယ်တိုင်ကြုံသူတွေဆီက သိရပါတယ်။

“ဒီရက်ပိုင်း ညဘက်ဆိုင်သိမ်းတဲ့အချိန်ဆိုရင် ဘာကားမှကိုမရှိဘူး၊ အရင်ကဆို YBS မလာရင်တောင် အောက်ဆိုက်ပြေးတဲ့ ကားလေးတွေရှိသေးတယ်၊ အခုကလမ်းပေါ်မှာ ရှင်းလင်းနေပြီး တက္ကစီတောင်မှ တစ်စီး၊ နှစ်စီးလောက်ပဲ တွေ့တယ်၊ ဒါတောင် သူတို့က ခရီးဝေးငှားရင်မလိုက်ဘူး ဟိုနားဒီနားလောက်ပဲလိုက်တာ၊ တော်တော်လေးကိုဒုက္ခရောက်ရပါတယ်”လို့လည်း ကိုယ်တိုင်ကြုံရသူ အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ ညမထွက်ရအဖြစ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ကိုသတ်မှတ်ထားသော်လည်း ည ၈ နာရီမှ နံနက် ၄ နာရီအထိ ပြင်ဆင်လိုက်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေဟာ ယခုရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပုံမှန်ဆိုင်သိမ်း၍ သွားလာရသူတွေအဖို့ အခက်အခဲကြုံရတာဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့က စျေးဝယ်စင်တာကြီးတွေနဲ့ ကုန်တိုက်ကြီးအများစုအပါအဝင် အရောင်းဆိုင်အများအပြားဟာ ည ၈နာရီမှာ ပိတ်လေ့ရှိပြီး ယင်းနေရာတွေမှာလုပ်ကိုင်တဲ့အလုပ်သမားတွေဟာ ည ၈ နာရီကျော်မှသာ သက်ဆိုင်ရာ မြို့နယ် အသီးသီးကို ပြန်ကြပေမယ့် ကောလာဟလသတင်းတွေကြောင့် လမ်းပေါ်တွင် သွားလာသူလည်းသိပ်မရှိဘဲ သွားလာဖို့အခက်အခဲကြုံရတာဖြစ်ပါတယ်။ “ညမထွက်ရသတ်မှတ်ချက်ကို ပြင်တယ်လို့လည်း ပြောတာကြားတယ်၊ မဟုတ်ဘူး ကောလာဟလဆိုပြီးတော့လည်း ကြားရပြန်တယ်၊ ခက်တာက ည ၆နာရီခွဲနောက်ပိုင်းဆို မြို့လယ် Downtown ထဲ လမ်းပေါ်မှာ လူကိုသိပ်မရှိတော့တာ၊ ပန်းဆိုးတန်းတို့ဘာတို့နားလောက်ပဲ လူရှိတယ်၊ နေရာတော်တော်များများမှာ သွားလာသူမရှိတော့ ကားစောစောသိမ်းတယ်လေ”လို့လည်း တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ထိုစျေးဝယ်စင်တာကြီးတွေနဲ့ ကုန်တိုက်ကြီးတွေ၊ အရောင်းဆိုင်ကြီးတွေဟာ အရောင်းဝန်ထမ်းတွေကို ယခင်က ဖယ်ရီကားတွေစီစဉ်ပြီး နေအိမ်ရှေ့အရောက်လိုက်လံကြိုပို့လုပ်ကြပေမယ့် နောက်ပိုင်းမှာ စက်သုံးဆီစျေးမြင့်မားမှုကြောင့် မိမိတို့အစီအစဉ်ဖြင့်သာ ပြန်ကြရသလို YBS များနဲ့ အောက်ဆိုက်ကားတွေကို အားထားစီးနင်းခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ အကုန်လုံးပြောနေတာက ညမထွက်ရကို ည ၈နာရီပြောင်းလိုက်ပြီဆိုပြီးတော့ပြောတယ်၊ ကျွန်‌တော်က အလုပ်သွားနေတော့ ရပ်ကွက်ထဲမှာ လိုက်ကြေညာနေသလားဆိုတာမသိဘူး၊ အဲ့လိုဆိုတော့ ဆိုင်စောစော သိမ်းပြီးတော့ ပြန်ရတယ်၊ ကျွန်တော်ပြန်တာတောင် ည ၇နာရီမထိုးသေးဘူး၊ မြို့ထဲမှာခြောက်ကပ်နေတာ၊ ပြန်ဖို့ကားလည်း ရှားတယ်”လို့လည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ထိုသို့ ညမထွက်ရအဖြစ် ည ၁၂ နာရီကနေ နံနက် ၄ နာရီအတွင်းကို သတ်မှတ်ထားသော်လည်း ညလုံးပေါက်ဖွင့်တဲ့ ဘားနဲ့ ကာရာအိုကေဆိုင်တချို့ရှိနေပြီး ညလုံးပေါက်လာသူတွေအဖို့ ယင်းညမထွက်ရအချိန်မှာ အပြင်သို့ပေးမထွက်ဘဲ နံနက် ၄ နာရီနောက်ပိုင်းမှသာ ထွက်ခွင့်ပေးတာမျိုးနဲ့ လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဇူလိုင် ၂၉