【 ပြည်တွင်း 】တစ်နှစ်ခွဲကာလအတွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှု ၅၀ ရာခိုင်နှုန်းအထက်ရှိနေဟုဆို

【 ပြည်တွင်း 】တစ်နှစ်ခွဲကာလအတွင်း ကျပ်ငွေတန်ဖိုး ကျဆင်းမှု ၅၀ ရာခိုင်နှုန်းအထက်ရှိနေဟုဆို

လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဇန်နဝါရီလအခြေအနေနဲ့နှိုင်းယှဉ်ပါက လက်ရှိကာလမှာ တစ်နှစ်ခွဲကာလအတွင်း ကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်းအထက်ကျဆင်းနေတဲ့အခြေအနေမျိုးဖြစ်တယ်လို့ ငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းက ငွေကြေးစျေးကွက်ထဲမှာ တစ်ဒေါ်လာလျှင် ၁၃၂၀ ကျပ်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ၂၅၀၀ ကျပ်ဝန်းကျင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ကထက်ကို ကျပ်ငွေတန်ဖိုးက အရမ်းကြီးကို ကျဆင်းသွားတာပါ၊ တိတိကျကျနဲ့ တွက်ကြည့်ရင် ၈၉ စိတ်ဆင်းရဲစရာပါ။ အပြင်စျေးကွက်မှာ ဒေါ်လာက လုံး၀ကိုစျေးကွက်ပျက်သွားပြီ” လို့လည်း ငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲစျေးအဖြစ် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်ထဲမှာ ဒေါ်လာငွေလဲလှယ်နှုန်းဟာ ယခုလလယ်ပိုင်းလောက်မှစတင်ကာ အတက်ကျအပြောင်းအလဲ မြန်ဆန်နေပြီး ယမန်နေ့(ဇူလိုင် ၁၉ ရက်)က နံနက်ပိုင်းမှာ ၂၂၀၀ ဝန်းကျင်သာဖြစ်ခဲ့ရာမှာ ညနေပိုင်းမှာ ၂၄၀၀ နီးပါးဖြစ်လာခဲ့သလို ဇူလိုင် ၂၀ ရက်မှာ ၂၅၀၀ ဖြင့်ရောင်းဝယ်နေကြပေမယ့် ကိုယ်လိုချင်သလောက်လဲလှယ်လုပ်ကိုင်လို့မရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာခဲ့တယ်လို့လည်း ရန်ကုန်မြို့ငွေကြေးစျေးကွက်အတွင်းမှ သိရပါတယ်။
“ဒီနေ့လယ်ပိုင်းမှာတင် ၂၄၅၀-၂၅၀၀ ဖြစ်နေတယ်၊ ဖမ်းမယ်ဆီးမယ်သတင်းတွေကြားတော့ ပေါ်တင်ရောင်းဝယ်တာမျိုး မလုပ်ရဲသလို ရောင်းဝယ်ရခက်ခဲလာပြီး လုပ်ရကိုင်ရပိုဆိုးလာတာပေါ့”လို့လည်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူ တစ်ဦးက ရှင်းပြပါတယ်။
၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် ခြောက်လတာကာလရဲ့ ဒုတိယသုံးလပတ်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး မီနီဘတ်ဂျက် ခြောက်လတာပထမသုံးလပတ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းသာရှိသော်လည်း ဒုတိယသုံးလပတ်မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက်အရသိရပါတယ်။ 
“ကျပ်ငွေတန်ဖိုးတွေ အခုလိုဆက်တိုက်ကျဆင်းခဲ့တာဟာ ပြည်တွင်းမှာ နိုင်ငံခြားငွေ အလုံအလောက်မရှိတာကြောင့် ဖြစ်ပါတယ်၊ ဒါတွေကလည်း ငွေကြေးဖောင်းပွမှုနှုန်းတွေကို မြင့်တက်လာစေတာဖြစ်ပါတယ်”လို့လည်း ငွေကြေးပညာရှင် တစ်ဦးက သုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဒုတိယ သုံးလပတ်မှာ ၁ ဒသမ ၆၃ ရာခိုင်နှုန်းဖြစ်ပြီး တတိယသုံးလပတ်မှာ ၅ ဒသမ ၀၂ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်မှာ ၆ ဒသမ ၈၃ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်းထုတ်ပြန်ထားတဲ့ နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာအချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွနှုန်းဟာ ၁၄ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့လည်း ဖော်ပြကြပါတယ်။
ရန်ကုန်၊ ဇူလိုင် ၂၁