【 ပြည်တွင်း 】တန်ဖိုးမြင့်ဆိုင်ကယ်၊ တိုက်ခန်းနဲ့ အိမ်ခြံမြေတွေကို မဲစနစ်နဲ့ ရောင်းချမှု ပိုတွေ့လာရ

【 ပြည်တွင်း 】တန်ဖိုးမြင့်ဆိုင်ကယ်၊ တိုက်ခန်းနဲ့ အိမ်ခြံမြေတွေကို မဲစနစ်နဲ့ ရောင်းချမှု ပိုတွေ့လာရ

လက်ရှိမှာတော့ သိန်းဆယ်ချီ၊ ရာချီရှိတဲ့ ဆိုင်ကယ်လိုမျိုး၊ ကားလိုမျိုး တိုက်ခန်းနဲ့ အိမ်ခြံမြေတွေကို ပုံမှန်ရောင်းချတာမျိုး မဟုတ်တော့ဘဲ မဲစနစ်နဲ့ ရောင်းချမှုတွေ ပိုတွေ့လာရပါတယ်။

ဒီလို ရောင်းချမှုမှာတော့ ရောင်းသူတွေအတွက် တွက်ချေပိုကိုက်သလို မဲထိုးပြီး ကံစမ်းသူတွေအတွက်လည်း ပေါက်ခဲ့ရင် ကျပ်ထောင်သောင်းဂဏန်းနဲ့ သိန်းရာချီတန်တဲ့ ဆိုင်ကယ်၊ ကားနဲ့ အိမ်ခြံမြေကို ရရှိတဲ့အတွက် အဆင်ပြေတယ်လို့  တိုက်ခန်းမဲထိုးခဲ့သူတစ်ဦးက အခုလိုပြောပါတယ်။

“ ကျွန်တော်ဆို တိုက်ခန်း မဲထိုးထားတယ်။ ကျပ်  တစ်သောင်းခွဲနဲ့။ တိုက်ခန်းကတော့ သိန်း ရှစ်ရာလောက် တန်ကြေးရှိတဲ့ တိုက်ခန်းပဲ။ အသိတစ်ယောက်က မဲဖောက်ပြီး ရောင်းနေတာ။ မျှော်လင့်ချက်ပေါ့။ ပေါက်ခဲ့ရင် လည်း အမြတ်ပေါ့။ မပေါက်ရင်လည်း မတတ်နိုင်ဘူးလေ။ ဒီကာလက ခက်ခဲနေတော့ ဒီလိုပဲ ကံစမ်းပြီး မျှော် လင့်ချက်ထားတာက မမှားဘူးလို့ ထင်တာပဲ”လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီလို တန်ဖိုးကြီး ဆိုင်ကယ်၊ ကား၊ အိမ်ခြံမြေတွေကို မဲစနစ်နဲ့ရောင်းချမှုတွေမှာ  ကံစမ်းတာကတော့ ပေါက်နိုင် ခြေ ရာခိုင်နှုန်း အရမ်းနည်းတဲ့အပြင် လိမ်လည်မှုတွေလည်း ရှိနေတဲ့အတွက် အထူးသတိထားကြဖို့ လူမှုကွန်ရက်မှာ သတိပေးမှုတွေလည်းရှိနေပါတယ်။

“ တချို့ကတော့ မဲကို ဘယ်နေ့ဖွင့်ပေးမယ် ဘာညာနဲ့ သူတို့ မဲအရေအတွက် ရောင်းချပြီးတာနဲ့ Page ကို ဖျက်သွားတာမျိုး၊ အကောင့်ကို ဖျက်သွားတာမျိုးတွေ အများကြီးတွေ့နေရတယ်။ ဒါကြောင့် ဂရုစိုက်သင့်တယ်။ အခုဆို ဒီလို မဲစနစ်နဲ့ ကားအိမ်ခြံရောင်းနေကြတာ လူမှုကွန်ရက်မှာ တော်တော်တွေ့နေရတယ်။ ဘာဖြစ်လဲ တစ်ထောင်၊ နှစ်ထောင်၊ တစ်သောင်း၊ နှစ်သောင်းပဲ။ ပေါက်ရင်အမြတ်ပေါ့ဆိုပြီး ထိုးတာတွေများလာတော့ လိမ်တဲ့သူတွေအတွက် သည်းခြေကြိုက်ဖြစ်နေတာပေါ့။ ဒီလို မဲစနစ်ရောင်းတာတွေကို ထိုးတော့မယ်ဆိုရင် ဆယ်ကြိမ်မကစဉ်းစားပါ။ လူလိမ်တွေ များနေတယ်။”လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက သတိပေးထား ပါတယ်။

လီလီ

ရန်ကုန်၊ အောက်တိုဘာ ၁