【 ပြည်တွင်း 】တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ ကျပ်သိန်းရာကျော်တန် ပရိဘောဂပစ္စည်းများ ပြည်တွင်းစျေးကွက်တွင် မှာယူမှုများနေ

【 ပြည်တွင်း 】တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ ကျပ်သိန်းရာကျော်တန် ပရိဘောဂပစ္စည်းများ ပြည်တွင်းစျေးကွက်တွင် မှာယူမှုများနေ

မြန်မာနိုင်ငံအထက်ပိုင်းမှာထွက်ရှိနေတဲ့ တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ သိန်းရာကျော်တန်  ပရိဘောဂပစ္စည်းတွေကို ပြည်ပစျေးကွက်မှာသာမက  ပြည်တွင်းစျေးကွက်မှာလည်း မှာယူမှုများနေတဲ့အတွက်  အရောင်းအဝယ်ဖြစ်နေတယ်လို့ ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ကျွန်း၊ ပျဉ်းကတိုးသစ်တွေအပြင် တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ တန်ဖိုးမြင့် ပရိဘောဂပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရောင်းချမှုတွေရှိခဲ့ကြောင်း၊ လက်ရှိမှာ တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ ကျပ်သိန်းရာကျော်တန် တန်ဖိုးမြင့်ပရိဘောဂပစ္စည်းတွေကို  ပြည်တွင်းစျေးကွက်မှာ  ငွေကြေးတတ်နိုင်သူတွေက မှာယူမှုတွေရှိလာတဲ့အတွက်  အရောင်းအဝယ်ဖြစ်နေတယ်လို့ ပရိဘောဂပစ္စည်းအရောင်းအဝယ်ပြုလုပ်နေတဲ့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

“ လက်ရှိမှာ တမလန်းသစ်နဲ့ ပြုလုပ်ထားတဲ့ အိမ်အသုံးအဆောင်၊ လူအသုံးအဆောင်ပစ္စည်းတွေထဲမှာ သိန်းသုံးဆယ်ဝန်းကျင်ပေါက်စျေးရှိတဲ့ ဆက်တီတို့ စားပွဲတို့ အရောင်းအဝယ်ဖြစ်တယ်။ တန်းဖိုးမြင့် ကျပ်သိန်းရာ ကျော်တန်တဲ့ ပရိဘောဂ ပစ္စည်းတွေကိုလည်း ပိုက်ဆံရှိတဲ့သူတွေက ဝယ်ကြတာပါပဲ။ ကျပ်သိန်းဆယ်ဂဏန်း တန်လောက် အရောင်းအဝယ်မကောင်းပေမယ့် ဝယ်ယူမှုတွေတော့ ရှိလာတယ်”လို့ စစ်ကိုင်းတိုင်း  ကလေးမြို့ မှ တမလန်းပရိဘောဂအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

တမလန်းသစ်နဲ့  ပြည်တွင်း၊ပြည်ပ စျေးကွက်မှာ  ပြုလုပ်ရောင်းချတဲ့  ပရိဘောဂပစ္စည်းတွေက  နေအိမ် ဧည့်ခန်းတွေမှာသုံးတဲ့ တမလန်းပေါင်းသားဖြင့် ပြုလုပ်ထားတဲ့ ဆက်တီ ၊ထမင်းစားပွဲ ၊ ဘီရို ၊ ကုလားထိုင်မျိုးစုံ၊ နေအိမ်အလှဆင်တဲ့  ရုပ်ထုတွေအပြင်  အမျိုးမျိုးပြုလုပ်ကာ ရောင်းချကြပြီး ပစ္စည်းတန်ဖိုးမှာ အမျိုးအစား ပေါ်မူ တည်ကာ ကျပ်သိန်းဆယ်ဂဏန်းမှ အမြင့်ဆုံး ကျပ်သိန်းငါးရာကျော်ထိ ပေါက်စျေးရှိတယ်လို့ သိရပါတယ်။

တမလန်းသစ်ဟာ ၁၅ မီတာမှ ၃၀ မီတာ(ပေ ၁၀၀ခန့်)အထိအမြင့်ရှိပြီး  မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့မှာ ထွက်ရှိတယ်လို့သိရပါတယ်။

ရန်ကုန် ၊ နိုဝင်ဘာ ၁၉