【 ပြည်တွင်း 】တရုတ်ဆိုင်ကယ်အဟောင်းများ အရောင်းအဝယ်ဖြစ်နေ

【 ပြည်တွင်း 】တရုတ်ဆိုင်ကယ်အဟောင်းများ အရောင်းအဝယ်ဖြစ်နေ

ယခုလတ်တလောမှာ နေပြည်တော်ဒေသအတွင်း တရုတ်ဆိုင်ကယ်အဟောင်းများကို လိုက်လံဝယ်ယူသူများရှိ နေကာ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “အခုလောလောဆယ်မှာက တရုတ်ဆိုင်ကယ်အဟောင်းတွေပေါ့၊ ပြန်ဝယ်တဲ့သူတွေရှိလာတယ်၊ တော်တော်များများ လိုက်ဝယ်နေကြတယ်၊ ဆိုင်ကယ်အနေအထားပေါ်မူတည်ပြီး တစ်သိန်း၊ တစ်သိန်းခွဲလောက်ကနေ သုံးသိန်းလောက်အထိ စျေးပေးဝယ်ကြတယ်”လို့လည်း နေပြည်တော်၊ လယ်ဝေးဒေသမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်အပိုပစ္စည်းစျေးကွက်ထဲမှာ အပိုပစ္စည်းပေါများစွာ ဝယ်ယူရနိုင်တာကြောင့်လည်း တရုတ်ဆိုင်ကယ်တွေကို ယခုလို ဝယ်သူများလာတယ်လို့ ဆိုကြပါတယ်။ ဝယ်ယူသူတွေဟာ အဆိုပါ ဆိုင်ကယ်တွေကို ပြင်ဆင်ပြီးနောက် ကျပ်ခြောက်သိန်း၊ ခုနစ်သိန်းလောက် နှုန်းမျိုးဖြင့် ပြန်လည်ရောင်းချကြတယ်လို့ သိရပါတယ်။

“အဟောင်းတွေကို ဝယ်ပြီးသူတို့က ပြန်ပြင်တာပေါ့၊ ခေတ်စကားနဲ့ပြောရင် ပြန်ရွှိုင်းတယ်ခေါ်မလား၊ ပြီးတော့ ပြန်ရောင်းတယ်လေ၊ ဆိုင်ကယ်အသစ်စျေးကလည်း အရမ်းကြီးစျေးမြင့်နေတော့ သူတို့ပြန်ပြင်ပြီး ပြန်ရောင်းလည်း ဝယ်သူတွေ ရှိတာပဲ”လို့လည်း ပျဉ်းမနားမြို့နေ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။ နေပြည်တော်က ဆိုင်ကယ်အရောင်းပြခန်းတွေမှာ ဆိုင်ကယ်အသစ်တစ်စီးဟာ ကျပ်သိန်းဆယ်ဂဏန်းအထက် ဖြစ်နေတဲ့အတွက် အောက်ဘီးတွေလို့ခေါ်တဲ့ ပြန်ပြင်ပြီးသုံးစွဲတဲ့ ဆိုင်ကယ်တွေကို ဝယ်သုံးလာကြတာ ဖြစ်ပါတယ်။ အရောင်းပြခန်းတွေ အနေနဲ့တော့ ဂျပန်ကွန်တိန်နာကျ ဆိုင်ကယ်ဘီးအသေးလေးတွေကို ဝယ်သူအချို့ရှိပေမယ့် အများစုဟာ စျေးခေါက်ချိုးလောက်အသာလေး ကွာခြားတတ်တဲ့ ပြန်ပြင်ထားသော ဆိုင်ကယ်ဟောင်းတွေကိုသာ ဝယ်ယူသုံးစွဲကြတယ်လို့ သိရပါတယ်။

ဘော်ဘော်

ရန်ကုန် ၊ ဇွန် ၇