【 ပြည်တွင်း 】တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးသီးနှံကြံများ တိုက်ရိုက်တင်ပို့ခွင့်ရနေ

【 ပြည်တွင်း 】တရုတ်နိုင်ငံသို့ ဘိန်းအစားထိုးသီးနှံကြံများ တိုက်ရိုက်တင်ပို့ခွင့်ရနေ

ရှမ်းပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ဘိန်းအစားထိုးသီးနှံကြံများကို တရုတ်နိုင်ငံအတွင်းရှိ သကြားစက်ရုံ များသို့ တိုက်ရိုက်တင်ပို့ခွင့်ရနေတယ်လို့ ဒေသခံကုန်သည်တွေထံမှ သိရပါတယ်။ ယခင်က ဘိန်းအစားထိုးသီးနှံကြံများတင်ပို့ရာတွင် ကြံတင်ယာဉ်များသည် ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော် မြို့ကြားရှိ ကြံကွင်းတွင် မြန်မာကြံတင်ယာဉ်များပေါ်မှ ကရိန်းများဖြင့် မတင်၍ တရုတ်ကားများပေါ်သို့ ပြောင်းရွှေ့တင်ဆောင်၍လည်းကောင်း၊ နှစ်နိုင်ငံနယ်စပ်နမ့်ဖာဟော်တံတားတွင် ရှန်တိန်ယာဉ် မောင်းစနစ်ဖြင့် ယာဉ်မောင်းလဲလှယ်၍လည်းကောင်း တစ်ဖက်နိုင်ငံ မိန်းတိန်မြို့ နမ့်ဟွာသကြားစက်ရုံသို့ တင်ပို့ခဲ့ရတယ်လို့ဆိုပါတယ်။

သို့ရာတွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုအရ ဇန်နဝါရီလ (၁၇) ရက်နေ့မှစ၍ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် မြန်မာဘက်မှကြံတင်ယာဉ်မောင်းများသည် ကြံကားများအားမောင်းနှင်ပြီး မြန်မာ-တရုတ်နယ်စပ် ခရီးသွားလာခွင့်လက်မှတ် (Border Pass) (BP) ဖြင့် နမ့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ တစ်ဖက်နိုင်ငံသို့ လွယ်ကူမြန်ဆန်စွာတင်ပို့ခွင့်ရခြင်းကြောင့် အချိန်ကုန်ကျမှုနဲ့ ပျက်စီးဆုံးရှုံးမှုလည်း သက်သာတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့နယ်၊ သိန္ဒီမြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့်ကြံများကို ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တစ်ဖက်တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့ နမ့်ဟွာသကြား စက်ရုံသို့ တင်ပို့နေတာလို့ သိရပါတယ်။ ဘိန်းအစားထိုးသီးနှံအဖြစ်စိုက်ပျိုးထားသည့်ကြံများကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်းပြီး ပြည်ပသို့ တင်ပို့သည့်ကာလမှာ ဒီဇင်ဘာလဆန်းမှ မတ်လ ပထမပတ်ခန့်အထိဖြစ်တယ်လို့ ဆိုပါတယ်။

002

ရန်ကုန်၊ ဇန်နဝါရီ ၃၁