【 ပြည်တွင်း 】တရုတ်ဝယ်လက်ကိုသာ အားကိုးနေရတဲ့ ဆီးသီးဆံများ အရောင်းအဝယ်အေး

【 ပြည်တွင်း 】တရုတ်ဝယ်လက်ကိုသာ အားကိုးနေရတဲ့ ဆီးသီးဆံများ အရောင်းအဝယ်အေး

တရုတ်ဝယ်လက်ကိုသာ အားကိုးနေရတဲ့ မြေလတ်ဒေသထွက်ဆီးသီးဆံများ ယခုနှစ်ဆီးသီးပေါ်တဲ့ရာသီမှာ စျေးကောင်းမရဘဲ အရောင်းအဝယ်အေးနေတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းအတွင်းမှ ထွက်ရှိတဲ့ဆီးသီးများကို ဆီးသီးကုန်စည်ဒိုင်များမှ ဝယ်ယူစုဆောင်းပြီး ဆီးသီးခွဲစက်ဖြင့်ခွဲကာ ဆီးမှုန့်၊ ဆီးဖတ်၊ ဆီးခွဲခြမ်း၊ ဆီးဆံများ သီးခြားစီခွဲထုတ်ကာ ဆီးဆံများကို စုဆောင်းကာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ဘက်သို့ တင်ပို့ကြတာဖြစ်ပါတယ်။

" ဆီးသီးအဆံ ဈေးကွက်ကတော့ တရုတ်ဈေးကွက်တစ်ခုပဲ ပို့ရတာ။  သူတို့က ဆေးထုတ်လုပ်တာလို့ ပြောတာပဲ။ အခုနှစ်ရာသီမှာတော့ သူတို့ဝယ်လက်တွေက စျေးသိပ်မပေးလို့ ဆီးသီးဆံဈေးက အေးနေတယ်”လို့ မန္တလေးတိုင်း အတွင်းမှ ဆီးသီးကုန်သည်တစ်ဦးက ပြောပါတယ်။

ကျန်တဲ့ ဆီးသီးအကာအနှစ်တွေကိုတော့ ပြည်တွင်းက ယိုလုပ်ငန်းလုပ်ကိုင်သူတွေထံ တင်ပို့ရောင်းချကြတယ်လို့  သိရပါတယ်။ ယခုနှစ်ရာသီ ဆီးသီးဈေးများမှာ အညာဒေသတွင် ၁ တင်းကို ၁၃၀၀၀ကျော် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

ဆီးသီးကို အဓိကအားထားရာ စိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးကြခြင်း မဟုတ်သော်လည်း တောင်သူတွေအတွက် တဖက်တလမ်းကလည်း ဝင်ငွေရနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

၀၀၂

ရန်ကုန်၊ မတ် ၁၇