【 ပြည်တွင်း 】တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်ကတစ်ဆင့် ပြောင်းဆံတင်ပို့မှုများနေ

【 ပြည်တွင်း 】တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်ကတစ်ဆင့် ပြောင်းဆံတင်ပို့မှုများနေ

တရုတ်- မြန်မာ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့ နယ်စပ်ပေါက်ကနေတဆင့် ပြောင်း အရောင်းအဝယ်များနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကထွက်တဲ့ ပြောင်းအများစု မန္တလေးနဲ့ ရန်ကုန် ဘက်ကို တင်ပို့မှုမရှိတော့ဘဲ ချင်းရွှေဟော်နယ်စပ်ကနေတဆင့် တရုတ်ဘက်ကို တိုက်ရိုက်တင်ပို့ရောင်းချနေ ကြ တာဖြစ်တယ်လို့ ပြောင်းကုန်သည်တွေဆီက သိရပါတယ်။

လက်ရှိပြောင်းစျေးက နေရာဒေသ၊ ပြောင်းအရည်အသွေးနဲ့ ခြောက်သွေ့မှုအခြေအနေပေါ်မူတည်ပြီး ပြောင်းဆံ တစ်ပိဿာ ကျပ် ၉၅၀ ကနေ ၁၂၀၀ ကျပ်ဝန်းကျင်အထိရှိနေတယ်လို့သိရပါတယ်။

“ လမ်းကြောင်းသင့်တာလည်း ပါတာပေါ့။ အခု ရှမ်းမြောက်၊ ရှမ်းတောင်က ထွက်တဲ့ပြောင်းတွေအကုန်နီးပါး ဒီ ချင်းရွှေဟော်ကနေပဲ တရုတ်ဘက်ပို့နေတယ်။ ပြောင်းစျေးက တစ်ပိဿာ ၁၀၀၀ ကျော်ဝန်းကျင်အထိ ပေါက်နေ တော့ တောင်သူအများစု ထုတ်ရောင်းကြတယ်လေ။ ဒါကြောင့် အရောင်းအဝယ်ပိုဖြစ်တာပေါ့။ ဟိုလပိုင်းကတော့ ထုတ်ရောင်းတာနည်းတယ်။ စျေးကောင်းစောင့်တာမျိုးပေါ့။ အခုက သူခိုးရန်နဲ့ ဘာနဲ့ ကျွန်တော်တို့လည်း မြေပြင် အထိ ဆင်းဝယ်၊ စျေးကောင်းရနေတဲ့ အခြေအနေလည်းဖြစ်တော့ ထုတ်ရောင်းတာများပါတယ်။ မန္တလေး၊ ရန်ကုန် ဘက်တော့ မပို့ဖြစ်တော့ဘူး။”လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ပြောင်းလိုက်လံဝယ်ယူ နေ တဲ့ ပြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကတော့ ရှမ်းပြည်နယ်ဘက်ထွက်တဲ့ ပြောင်းဆံတွေကို တခြားနေရာတွေထက် စျေးကောင်းပိုရတဲ့ ရန်ကုန်နဲ့ မန္တလေးကို အဓိကတင်ပို့ကြပေမယ့် လက်ရှိမှာတော့ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်နေတဲ့အတွက် ချင်းရွှေဟော်နယ်စပ်ဘက်ကိုပဲ တိုက်ရိုက်တင်ပို့ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။

“ရှမ်းပြည်တောင်ပိုင်းက ပြောင်းတွေပါ ချင်းရွှေဟော်နယ်စပ်အထိ သွားရောင်းနေကြပါတယ်။ လားရှိုးအတွင်း ရောင်းချဈေးကိုက မန္တလေးပြောင်းပေါက်ဈေးနဲ့ ဈေးတန်းတူရှိနေပါတယ်။ တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ  GACC ရရှိပြီး ပြောင်းတင်ပို့ခွင့်ရထားသူတွေကလည်း တရုတ်ပြောင်းအရောင်းကို ကြိုးစားနေကြပါတယ်။ ရန်ကုန် သင်္ဘော တင်ဈေးကွက်ကလည်း တော်တော်ကောင်းလာနေပါတယ်။ အစိုးရ ပြောင်းတစ်တန်သတ်မှတ်ဈေး ဒေါ်လာ ၃၀၀ ဈေးကို ရနေတဲ့အပြင် ၊ ဝယ်လက်ကောင်း ဆက်သွယ်မိရင် ၃၂၀ ဒေါ်လာအထိ ဈေးရနေပါတယ်။ ရန်ကုန်နဲ့ နီးတဲ့ ဧရာဝတီပြောင်းတွေကလည်း ကုန်သလောက်ရှိနေပါပြီ။

အခုမှ  ဧရာ၀တီဘက်က ပြောင်းအသစ်စိုက်ရာသီ စနေတာပါ။ ရန်ကုန်ပြောင်းဝင်ဖို့အတွက် ဧရာဝတီပြောင်းကို လောလောဆယ် မျှော်လို့မရသေးပါဘူး။ မြင်းခြံ၊ နေပြည်တော်စတဲ့ ပြောင်းစိုက်နေရာတွေကလည်း ရန်ကုန် အတွက် မလုံလောက်နိုင်ပါဘူး။ ရန်ကုန်အတွက် ပြောင်းရနိုင်စရာက ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားကနေ ပြောင်းရနိုင်ပါတယ်။ တောင်ကြီး ရန်ကုန်ကားခက ပြောင်းတစ်ပိဿာကို ၁၄၀ ကျပ်လောက် ပေါက်နေပါတယ်။ ”လို့ ပြောင်းကုန်သည်တစ်ဦးက အဖွဲ့ဝင်တစ်သိန်းကျော်ရှိတဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ Group မှာ ရေးသားအသိပေးထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ၊ မြဝတီနယ်စပ်ဘက်မှာတော့ ပြောင်းစျေးကွက်ငြိမ်သက်နေပြီး ကချင်ပြည်နယ်ဘက်က ထွက်တဲ့ ပြောင်းတွေကလည်း တရုတ်လွယ်ဂျယ်နဲ့ ကန်ပိုက်တီးဘက်နေ တရုတ်ဘက်ကို တင်ပို့နေကြတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ထဲ မြန်မာနိုင်ငံထွက် ပြောင်းဆံတွေကို တရုတ်နိုင်ငံထဲ တင်ပို့နိုင်ဖို့အတွက် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိနေတယ်လို့ ပြောင်းကုန်သည်တွေဆီကနေ သိရပါတယ်။

လီလီ

ဓာတ်ပုံ- ဒေသခံ